Tuesday, September 29, 2015
မြစ်ကြမ်းပြင်မှချစ်ခြင်းမေတ္တာ......
လူမှန်းသိတတ်စနတ်သမီးပုံပြင်တွေထဲမှာတော့ လကအမြဲလှနေခဲ့သည်။ လရောင်သည် ဖမ်းစားတတ်ကြောင်းမသိခင်ကတည်းကပင်
လသည် အိပ်မက်တွေကိုအရင်ဆုံးခိုးယူခဲ့၏ ။ ဒီလိုနှင့်ပဲ မဖြစ်နိုင်သည့်မျှော်လင့်ချက်များကို လ အပေါ်မှာအမှီပြုပြီးစတင်ရေးထိုးကြည့်ခဲ့ဖူးသည်။
မရေရာသည့်ဆန္ဒတွေကို  လအပေါ်မှာပုံချကြည့်ခဲ့ဖူးသည်။ ဒီလိုနှင့်ပဲ လသည် လတစ်စင်းထက်ပိုသည့် ပုံရိပ်ယောင်တွေဖြင့်လှပစွာချော့မြူပုံက
ယစ်မူးပစ်လိုက်ချင်စရာ ။
လက်လှမ်းမမှီအောင်ဝေးလွန်းသည့်အရာများကို လရောင်အားကိုးနှင့် တိမ်းတိမ်းမူးမူးရနိုင်လောက်၏ဟု ကိုယ့်ကိုယ်ကိုလှည့်စားခြင်း
အတတ်ကိုလည်းသိမ်မွေ့ စွာကျွမ်းကျင်ခဲ့ရသည် ။ ချစ်ခြင်းမေတ္တာဟူသည်ကလည်း လ ရောင်ကဲ့သို့ ပင်မရေမရာ ဖမ်းဆုပ်ရန်ခက်လှသည်။
အသက်ဇီဝကိုပေးပါ့မယ် ချစ်ခြင်းမေတ္တာကိုပေးပါဆိုသောအခါ လ ရောင်က ရယ်၏။ ရယ်၍မရသော ဟာသများဖြင့်  ပြည့်နှက်နေသည်ကိုက
လောကသည်ဟာသဖြစ်နေသောအခါ လပြည့်ညများသည် လူကိုဖြားယောင်းတတ်ကြောင်းကိုလည်း မေ့ထားလိုက်ကြရုံသာ ရှိတော့၏။
တတ်စွမ်းသမျှအကောင်းဆုံးဆိုသည်များကို ပေးခဲ့သော်လည်းအရာမထင်သောအခါ ၊ ညို့ ဆီမှာ အကောင်းအမွန်များသိုဝှက်ထားရှိ
ကော်ဖီကြောင့်ပါလေလို့ အကြောင်းပြရင်း   ဖြူစင်မြင်မြတ်တဲ့မေတ္တာတရားဟု  အကြိမ်ကြိမ်ရေရွတ်မိတော့  မည်သည့်အကြောင်းကြောင့်
ရေတွေဘယ်လောက်သောက်သောက် အမောမပြေသောအခါ
မနားတမ်းကူးခတ်နေရပြီး
ဘယ်မှမရောက်နိုင်တဲ့
ဖန်ပုလင်းထဲကရွှေငါးလေးကို
ညိုက သနားနေသေးသတဲ့....
လို့  ကိုယ့်ကိုယ်ကိုပြန်ဟားတိုက်ကြည့်မိတော့ နည်းနည်းတော့ ပြုံးရသေးသည် ။
နည်းနည်းတော့ညာပေးစမ်းပါဟုပြောသံကြားရသောအခါ  တစ်ခါတုန်းကကိုယ့်ကိုယ်ကိုပြန်မြင်မိသလိုမျိုး စူးကနဲနာမိပြန်၏ ။
"ခင်ဗျားက မေတ္တာတရားကိုမှမယုံတာဘယ်တော့မှလည်းရမှာမဟုတ်ဘူး " ဟူသောစကားကိုကြားရစဉ်အခါတုန်းကလည်း အင်း ဟုတ်မှာပါ
ဒါပေမယ့်လည်း တစ်ကယ်တော့ အဲဒီမေတ္တာတရားဆိုတာကလည်းရှိမှမရှိတာလို့   ရင်ထဲကအတွန့် တက်နေမိသေးသည် ။ ရယ်မရသည့်အတူတူ
ငိုပစ်လိုက်လို့ ရလျင်လည်း အကောင်းသား။  မပျော်တဲ့အတူတူ ပြုံးနေကြရအောင်ဟု သောကများကိုတစ်ပင်ချင်းဆွဲနှုတ်ခဲ့သော်လည်း
လောကဓံတောသည်  ပါးသွားသည်မရှိခဲ့ ။
" တစ်ဘဝလုံးလိုလို ငါးရယ်လို့ တစ်ကောင်တလေမှမမိကြည့် မိမယ့်မိတော့ စကြာဝဠာကြီး အပေါ်ဆွဲတင်လိုက်တော့ ငါ့ ငါးမျှားတံဟာ
" Oh My God " ဟူသည့် အိန္ဒိယရုပ်ရှင်ကားလေးကြည့်မိတော့ ဘာသာရေး ၊ ယုံကြည်ကိုးကွယ်မှုဆိုတာတွေနှင့် အကြောက်တရား
အကြောင်းတွေကို ဆက်စပ်စဥိးစားမိပြန်၏ ။ ကိုယ့်ဝိညဉ်ကိုယ် မညှာမတာဆွဲခွာကြည့်ရတော့လည်း နာကျင်လှသည်။ အကြောက်တရားကြောင့်
ကိုးကွယ်ရာရှာခဲ့ကြသည်ဆိုလျှင် အကြောက်တရားကြောင့်ပင်လုံခြုံနိုးနိုးဖြင့်  ချစ်ခြင်းမေတ္တာဆိုသည့်အရာကို ဖန်ဆင်းမိခဲ့ကြသည်။
ကိုယ်ဖန်ဆင်းထားသည့်အရာတွေကိုပင် ကိုယ်ကိုးကွယ်နေခဲ့ကြရသည်ထင်သည်။ တစ်စုံတယောက်ကို ချစ်နေသည်ဟု ထင်ရသည့်အခါ
ကိုယ့်တည်ရှိနေခြင်းကပဲ တန်ဖိုးကြီးလာသယောင်ယောင် လှည့်စားမှုများက နာကျင်မှုကိုလျှော့ပါးစေသည်လားမသိ။ တစ်စုံတစ်ယောက်ကို
ချစ်နေရသည်ထက် ထိုချစ်နေရသည့်ခံစားချက်ကိုချစ်နေတာလည်း ဖြစ်နိုင်နေပါသေးသည်။
Dec. 11 , 1931 မှ Jan 19 , 1990 အထိ လူ့ ပြည်မှာနေထိုင်သွားခဲ့သော အိန္ဒိယအတွေးအခေါ်ပညာရှင်ကြီး အိုရှိုးကတော့အကြောက်တရားကလွဲလို့ 
လူသားတွေအတွက် ကြောက်စရာကောင်းသည့်ရန်သူမရှိဟု  ပြောခဲ့ပြီး မကြောက်တရားကလွဲပြီး  သူ့ မှာဘာမှထပ်ဟောစရာမရှိဟုလည်းဆိုသည် ။
ချစ်ခြင်းမေတ္တာဆိုသည်မှာ ရှိသည်ဟုစိတ်ကူးယဉ်လိုက်ရလျှင် အတော်အတန်နေသာထိုင်သာရှိပြီး ဆိုက်ရောက်ရာမဲ့ပန်းတိုင်များအတွက်
ကိုယ့်ကိုယ်ကိုယ်ပြန်မျှားယူဖို့ ပျော်ရွှင်တပ်မက်ဖွယ်ရာ ငါးစာကောင်းတစ်ခုတော့ဖြစ်သည်။ မိခြင်း မမိခြင်းများကို ထည့်သွင်းပြီးမစဉ်းစားပါလျှင်
မိနိုးနိုးမျှော်လင့်ခြင်းများ၏   တပ်မက်ဖွယ်ရာ ဖျားယောင်းမှုကိုလက်ခံနေရခြင်းကိုက လူ့ ဘဝ၏အရသာလည်း ဖြစ်ချင်ဖြစ်နေနိုင်သေးသည်
မဟုတ်ပါလား။
ရပ်တည်ရာမဲ့စွာလွင့်မျောပါသွားမတတ် မျောလွင့်သွားခဲ့ရသောအခါများတွင် ချစ်ခြင်းမေတ္တာဟူသည့် ရနံ့ သည် စွဲလန်းတပ်မက် မိန်းမူးဖွယ်ရာ
ငါးစာ ။ " Country Strong " ဟူသည့် ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားထဲမှာတော့  အောင်မြင်ကျော်ကြားမှုနှင့်ချစ်ခြင်းမေတ္တာကိုတစ်ပြိုင်နက်တည်း
မရနိုင်ကြောင်းပြောသွားခဲ့သော်လည်း ချစ်ခြင်းမေတ္တာ ဆိုသည်မှာ မည်သည့်အရာနှင့်မှ တွဲစပ်၍မရသည့် အရာလည်း ဖြစ်နိုင်ပါသည်။ ပို၍ဖြစ်နိုင်
သေးသည်မှာလူသားတို့ ၏  အကြောက်တရားကြောင့်ဖန်ဆင်းမွေးဖွားထားသည့် ပုံရိပ်ယောင်အာရုံထင်မှုတစ်ခုပင် ဖြစ်လိမ့်မည်။
ငါ သူ့ ကိုချစ်သည် ထို့ ကြောင့်ငါရှိသည် ။ ဒါမှမဟုတ်လည်း သူ ငါ့ကိုချစ်သည် ထို့ ကြောင့် ငါ ရှိသည် ဟုဖြစ်မည်ထင်သည်။
လူသားအဖြစ်မှာတည်နေရန်အတွက် တစ်စုံတရာဖြင့်မျှားယူရန် အမြဲတမ်းလိုအပ်နေဟန်တူပြီး ထို့ အတွက် လူသားတို့ တည်ထွင်ခဲ့သမျှ
ဝေါဟာရတို့ တွင် " အချစ် " ဟူသည့်စကားလုံးက လူကြိုက်အများဆုံးဖြစ်နေရသည် ။ ညိုသည်လည်း ကိုယ့်ကို ချစ်မည့် ခွေးလေးတစ်ကောင်
ရှိနေခြင်းကိုပင် ပျော်ရွှင်မိတတ်သူသာ။ မေတ္တာဖြင့်ဆက်နွယ်သည့်အခါ  ကြိုးတွေကိုပင် ကြိုးဟုမမြင် ၊ ချည်နှောင်သည်ဟု မခံစားရ
သရုပ်ဖော်ပြခဲ့သည်က
"ကြိုးကိုဖြတ်ပစ်လိုက်တယ်
ကြိုးကိုပြန်ဆက်တယ်
ကြိုးကိုပြန်ဖြတ်ပစ်တယ်
ကြိုးကိုပြန်ဆက်ပြန်တယ်
ဒါနဲ့ ကြာတော့ကြိုးဟာ
ဆက်ထုံးတွေအများကြီးနဲ့
မလှပတော့ဘူး
ဒီတစ်ခါဖြတ်လိုက်ရင်
ကြိုးပြတ်စလေးကို
ဝှက်ထားလိုက်တော့မယ်
ဆက်လို့မရအောင် " တဲ့။
တစ်စုံတစ်ရာကိုသာ မဖြစ်မနေကိုးကွယ်ရမည်ဆိုလျှင် အချစ်ကိုတော့ ညိုမကိုးကွယ်လိုပါ ။ဗန်းစကားမှာတော့ " give the air " ဆိုတာ
ချစ်သူကိုစွန့် လွှတ်ရသည်ဟု အဓိပ္ပါယ် သက်ရောက်သည့်အခါ အချစ်သည်လေကဲ့သို့ လိုအပ်နေတာ ဒါမှမဟုတ်လည်း လေလိုပင်
ရွေ့ လျားပျောက် ကွယ်လွယ်တာများဖြစ်လေမည်လား။  ဒါမှမဟုတ်လည်း လေကဲ့သို့ ပင် အမြဲရှုရှိုက်နေရပြီး  ရှိနေမှန်း
မမြင်သာတာတွေလည်း ဖြစ်နေနိုင်သလားဟု စဉ်းစားနေမိ၏ ။ ဖမ်းဆုပ် ကိုင်တွယ်ရန်ခက်ခဲလွန်းသည်ဟူသောအနက်လည်း
ထွက်နိုင်သေးပြီး  ဝိညဉ်တွေလွင့်မျောနေရသလိုမျိုးများ ဖြစ်နေမည်လားဟုလည်း စဉ်းစားမိသေး၏။ ဘာပဲဖြစ်ဖြစ် သေချာသည်က
အချစ်သည် ဘေးထွက်ဆိုးကျိုးကြီးမားလွန်းသည့် နတ်သြသဓဆေးတော်ကြီး ဖြစ်လိမ့်မည်ထင်ပါသည်။
သမ္မာကျမ်းစာ ကောရိန္တုသြဝါဒမေတ္တာဘွဲ့ မှာ " မေတ္တာသည် စိတ်ရှည်တတ်၏ ။ မေတ္တာသည် ကျေးဇူးပြုတတ်၏ ။ မေတ္တာသည်
ဂုဏ်ပြိုင်ခြင်းမရှိ ။ မေတ္တာသည် ဝါကြွားခြင်းမရှိ ။ မေတ္တာသည် မာန်မာနမရှိ ။ မေတ္တာသည်လျောက်ပတ်စွာကျင့်တတ်၏ ။မေတ္တာသည်
ကိုယ့်အကျိုးကို မရှာတတ် ။ မေတ္တာသည် ဒေါသအမျက်မထွက်တတ် ။မေတ္တာသည် အပြစ်ရှိသည်ဟု မထင်တတ် ။မေတ္တာသည်
မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ် ။ မေတ္တာသည် သစ္စာတရား၌ ဝမ်းမြောက်တတ်၏ ။ မေတ္တာသည် ခပ်သိမ်းသောအရာကို
ဖုံးအုပ်တတ်၏ ။ မေတ္တာသည် ခပ်သိမ်းသောအရာကို ယုံတတ်၏ ။ မေတ္တာသည် ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏ ။ မေတ္တာသည်
ခပ်သိမ်းသောအရာကို သည်းခံတတ်၏ ။ မေတ္တာသည် ဖောက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်းလွတ်၏ " ဟုမေတ္တာအနက်ကို
ဖွင့်ဆိုပြခဲ့ပါသည် ။ ထို့ ကြောင့်ပဲ ညိုအချစ်ကို မယုံနိုင်ခဲ့တာဖြစ်လေမည်လားလည်းမသိ။ မေတ္တာသည်အေးမြသည်ဆိုတော့
အချစ်ကပူလောင်လှပါသည်။ ရ၍လိုခြင်းတွေ ရ၍မလိုခြင်းတွေ လို၍မရခြင်းတွေဖြင့်များမြောင်လှပေ၏။
တစ်ကယ်တော့လည်း  ချစ်သူဆိုသည့်လူတစ်ယောက်၏  အတ္တရာခိုင်နှုန်းဘယ်လောက်လောက်ကို ညိုထိပါးခွင့်ရနိုင်မည်လဲ ။
ကြည့်ရသည်က ညိုသည်အကြင်နာနှင့်ဓာတ်တည့်ဟန်မတူ။ ခရမ်းချဉ်သီးတစ်လုံးလိုခပ်ပါးပါးအရေခွံနှင့် အထင်းသားထွင်းဖောက်
မြင်နေရသောနှလုံးသားသည်  ကျွဲကောသီးတစ်လုံးကဲ့သို့ သောခပ်ထူထူအရေခွံများနှင့် အယောင်ဆောင်နေခဲ့ရတာကို အခုတော့
ငါဟာ အမြဲတမ်း တစ်ခုခုလိုနေတဲ့သူပါ
တစ်စုံတစ်ယောက်ကပြောတယ်
လူဟာ ပျော်ရွှင်ဖို့လိုအပ်တယ်
ဟုတ်ရဲ့လား
ရေတံခွန်အောက်မှာ မြို့တစ်မြို့ရှိတယ်
ဟုတ်ရဲ့လား
သင်ခန်းစာတွေ ဖြေဆိုဖို့မလိုတော့ဘူး
ဟုတ်ရဲ့လား
ညိုတို့ အိမ်ပြန်ကြရသည့်အခါ အိမ်အပြန်ခရီးသည်ခက်ခဲကြမ်းတမ်းပါလိမ့်မည်။ ခရီးထွက်ဖို့ အတွက်လည်းတစ်ကယ်တော့ ညိုဘာကိုမှ
မည်မည်ရရကြိုတင်မပြင်ဆင်ရသေး။ အပြန်ခရီးကခက်ခဲသလိုမျိုး  နေရတဲ့အခိုက်အတန့် တွေကလည်း ပိုပြီးခက်ခဲကြမ်းတမ်းလာတာ
ပေမယ့်လည်းခုဆို ဟိုးခပ်ငယ်ငယ်တုန်းတွေကလိုမျိုး  အလောတကြီးပြန်ဖို့ ကိုလည်း မကြိုးစားချင်တော့ ။ လောကထဲနေရတာ
ကြာလာသည်နှင့်အမျှ  လူ့ ဖြစ်ရပ်အထွေထွေဆိုတာတွေသည် အတော်များများကြုံဖူးခဲ့ပြီးမှတော့ ဘာမှပိုပြီးဆန်းသယောင်ယောင်
မရှိတော့။  တစ်ကယ်တမ်းကြတော့ သေခြင်းရောနေခြင်းမှာပါ အရသာသည်အရောရောအနှောနှောနှင့်ယှက်ဖြာထားသည် ။
နောက်ဆုံးတော့လည်း ဘဝမှာငါးရယ်လို့ တစ်ကောင်မှမမိရင်တောင်မှ  တကောင်တလေမိနိုးနိးဆိုတဲ့ မျှော်လင့်ချက်ကြီးမရှိရင်
မဖြစ်တာမို့  ညိုကတော့အခုထိ  နေ့ တိုင်းငါးတွေမျှားကြည့်နေမိဆဲဖြစ်သည် ။ အင်းလေ ငါးမျှားတာလည်း ဟုတ်ချင်မှ ဟုတ်မှာပါ ။
ညိုကိုယ်ညို ပြန်မျှားမိနေတာလည်း ဖြစ်ချင်ဖြစ်မည်။  ဘာပဲဖြစ်ဖြစ်သေချာတာကတော့ နေမျိုး၏ " ငါး " ကဗျာကိုတော့
ညိုအမြဲ ရွတ်ဖြစ်နေသည် ။
ဘတ်(စ်)ကားမှတ်တိုင်အောက်မှာ
ငါးတစ်ကောင်ကူးခပ်နေတယ်
တိမ်တိုက်ထဲမှာ
ငါးတစ်ကောင်ကူးခပ်နေတယ်
ကော်ဖီခွက်ထဲမှာလည်း
ငါးတစ်ကောင်ကူးခပ်နေတယ်
ငါ့ဦးခေါင်းထဲမှာ
ငါးတစ်ကောင်ကူးခပ်နေပါပေါ့
ခင်ဗျားဦးခေါင်းထဲမှာလည်း
ငါးတစ်ကောင်ကူးခပ်နေတာပဲ
မဟုတ်လား
မိုးကောင်းကင်အမြင့်မှာ
ဧရာမငါးဖမ်းသင်္ဘောကြီးတစ်စင်း
တရွေ့ရွေ့
ခုတ်မောင်းလာနေလေရဲ့။
ကိုယ့်ကိုယ်ကို ပြန်မျှားဖို့ လိုအပ်လာတိုင်း ကဗျာတွေသည် လေထုထဲကအောက်ဆီဂျင်ကို ပိုမိုတိုးပွားစေသည် ဒါမှမဟုတ်လည်း
အချစ်နှင့်ပတ်သက်လာသည့် အခါတိုင်း မိမိကိုယ်ကို ကျွမ်းကျင်လိမ္မာစွာလှည့်ဖြားတတ်စေရန်အတွက် သံသရာအဆက်ဆက် ညို
ပါရမီဖြည့်ရပါလိမ့်ဦးမည်။  
မေဇော်
No comments:
Post a Comment