"ဘဝဆိုတာ ဒုက္ခသစ္စာ။
နေရောင်ခြည် လိုတယ်၊ အစာရေစာ လိုတယ်၊ အချစ် လိုတယ်၊ နာကျင်ရတဲ့ အဓိပ္ပါယ် လိုတယ်"
( ဝင်းမင်းထွန်း )
ကျနော်က အပူဒဏ်ကိုကြောက်တယ်။ ပူပြင်းလောင်မြိုက်မှုတွေကို မကြိုက်တော့ အအေးဓာတ်ဆို ဘယ်နား ကနေရရ ဆိုပြီးနှစ်သက်မိဟန် တူပါရဲ့ တောင်ပေါ်ဒေသတွေကို ချစ်တယ်။ သဘာဝနဲ့လည်း ပိုပြီး နီးစပ် တယ်လို့  ထင်မိလို့ လည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ရင်တော့ အဲဒီလို အရပ်
ဒေသမှာ ဘဝရဲ့  နေဝင်ချိန်တွေကို စောင့်မျှော်ကြည့်ရှုဖို့  နားခိုရာ
ခြံဝင်းလေး တစ်ခုတော့ လောကထဲမှာ ရှိနေချင်မိတယ်။
ခြံလေးထဲမှာ ခပ်ရိုးရိုး တစ်ထပ်အိမ်လေး ရှိမယ်။ အိမ်ကလေးကို ကြည့်လိုက် တာနဲ့ နွေးထွေးတဲ့ ပုံသဏ္ဍန် ဖြစ်နေအောင်တော့ ကြိုးစားပြီး တည်ဆောက် ယူရမှာဘဲ။ နွေးထွေးတဲ့အိမ်တစ်လုံးဖြစ်ဖို့  ဘယ်လိုအရာတွေ လိုလိမ့်မလဲ ဆိုတာတော့ ကျနော်လည်းရေရေရာရာ မသိလှပါဘူး။ ဒါပေမယ့်လည်း အဲဒီအိမ်ကလေးကို မြင်လိုက်ရုံနဲ့  နွေးထွေးတဲ့အရိပ်အငွေ့ တွေ ရှိနေစေချင်တယ်။
အိမ်ဆိုတာ လုံခြုံတဲ့အရိပ်အာဝါသ ဆိုတဲ့အနက်ထက်တော့ ပိုလိမ့်မယ်လို့  ကျနော်ထင်မိတာလည်း ဖြစ်ချင် ဖြစ်မှာပါပဲ။ အဲဒီအိမ်လေးထဲ မှာ ငြိမ်သက်
ခြင်း နဲ့  ငြိမ်းချမ်းခြင်းကို ကျနော် တယုတယ ပျိုးထောင် စိုက်ပျိုး မယ်။ စိတ်ရှည်လက်ရှည် ပေါင်းသင်မယ်။ ရေလောင်းမယ်။ ကျနော် တစ်ဘဝလုံး နားမလည်ခဲ့တဲ့အရာတွေကို ဆက်ပြီးမတွေးပဲ နေမယ်။
ပျော်ရွှင်ခြင်း အကြောင်း ကိုရော မပျော်ရွှင်ခြင်းအကြောင်းကိုရော ထပ်ပြီး မသိချင်တော့ပဲ မေ့ထားတော့မယ်။ ဘဝဆိုတာ ရဲ့ တည်ရှိ မှုတွေ ဖြစ်တည် ခြင်း တွေအကြောင်းကိုလည်း တစ်ခုမှမစဉ်းစားတော့ပဲ နေမယ်လို့  စိတ်ကူး ထားတယ်။ တစ်ဘဝလုံးလိုလို သိချင်နေတဲ့ အကြောင်းအရာ တွေရယ် သိဖို့  လိုအပ်တယ် ထင်တဲ့ အကြောင်းအရာတွေရယ်ကို အကုန်ရပ်တန့်  ပစ်လိုက်ဖို့ လည်းလိုတယ်။
အသွားအပြန်ခရီးတွေမှာ လေးလေးလံလံတွေ သယ်ဆောင် မသွားနိုင်တဲ့ အကြောင်း သိနေပြီမို့  ဘယ်လို နေရင် ငြိမ်းချမ်းမလဲဆိုတဲ့ အကြောင်းရယ်၊ တစ်ခါတစ်ရံကြယ်ကလေးကို လွမ်းတာရယ်က လွဲရင် ဘာကိုမှ ထပ်ပြီး တွေး မနေချင် တော့ပါဘူး။ တစ်ဘဝလုံးကိုတွေးပြီးနေခဲ့ရတော့ မတွေးပဲနဲ့  လူ့ အဖြစ်ကို အလိုက်သင့် လေး ရှင်သန်စီးမျောနေကြည့်ရမှာ စိတ်ဝင်စား စရာတော့ ကောင်းတာပဲ။
နွေးထွေးတဲ့ အိမ်ကလေးကို အေးချမ်းတဲ့အရိပ်အငွေ့ ရအောင် သစ်ပင်တွေနဲ့  ဝန်းရံထားချင်တယ်။ ခြံလေး ထဲကို လှည့်လည်ပြီးလမ်းလျှောက်တဲ့အခါ ရနံ့ မွှေးတဲ့ ပန်းတွေ ပွင့်နေစေချင်သေး တော့ ပန်းပင်တွေ ကိုတော့
သေချာစိုက်ပျိုးထားမှဖြစ်မယ်။
အဝေးကကြယ်တစ်စင်းကိုငေးကြည့်နေရုံနဲ့  တစ်ဘဝလုံးကိုတောင် လင်းစေ နိုင်ခဲ့သေးတာ သူ့ ကိုယ်စား သစ်ပင်လေး တွေကို တယုတယ စိုက်ပျိုး ကြည့်ရတာလည်း သိပ်ပြီး ပျော်စရာကောင်းမှာပါ။ ပန်းပင်တွေကို ကြယ် ကလေး ကို ချစ်သလို ချစ်ခြင်းမေတ္တာနဲ့  ပြုစုစောင့်ရှောက်မယ်။
"ဘဝကို နေ့တိုင်းပြန်ရဖို့
မင်းကို နေ့တိုင်းတွေ့ရတယ် "
( ဝင်းမင်းထွန်း )
ခုဆိုရာသီက ဆောင်းဆိုတော့လည်း ဆောင်းနဲ့လိုက်အောင်ပဲ ခုချိန်ဆို ခွာညို
တွေ ပွင့်နေကြပြီ။ ခွာညိုပွင့်တွေ ပွင့်နေပုံက သိပ်လှတဲ့အပြင် သူ့ အလှ က လည်း သိပ်ပြီး အနုပညာမြောက်တာ။ သူ့ ရဲ့ အရောင်တွဲစပ်ပုံက မထူးပဲ ဆန်းနေတာမျိုးပေါ့။ ဆောင်းမှာမှ ပွင့်တဲ့ သူ့ မွှေးရနံ့က ဆောင်းရဲ့အအေးဓာတ် နဲ့ သိပ်ပြီးလိုက်ဖက် တာပဲ သင်းမြမြလေးနဲ့ သိပ်ပြီးစိတ်ကြည်နူး စရာ ကောင်းတာ ။
သူ့ အရောင်တွဲစပ်ပုံက မရမ်းရင့်နဲ့ ကြက်ဥနှစ်ရောင်ရယ်ကို အညိုဘက် ခပ်လုလုလေး ချယ်ထားသေးတာ ပန်းချီဆရာတွေ လိုက်ရေးဖို့  ခက်အောင် လို့ တောင် ပြောရမယ်ထင်ပါရဲ့ ။ အဲဒီလောက်လှပသင်းပျံ့ တဲ့ ပန်းတွေ ပွင့်နိုင်တဲ့ ခွာညိုကလေ တစ်ကယ်တော့သိပ်ပြီး တိကျတဲ့ သူ့ သတ်မှတ်ချက် သူ့ စည်းကမ်း တွေနဲ့ နေတာ။
သူ့ အပင်လေးကို စပြီးပေါက်တဲ့အတိုင်းပဲ ထားထားပေးမှရတယ်။ ပန်းတွေ ပွင့်ကြတယ်။ အပင်ကို စင်ပေါ် တင်ပေးတာမျိုး ဝါးရုံခံပေးတာမျိုးမပြောနဲ့ သူ့ ဘာသူနွယ်တက်နေတဲ့ သရက်ပင် တမာပင်မျိုးကိုတောင် လူက သွားပြီးခုတ်မိ ထစ်မိ ပြုပြင်လိုက်မိရင် ပန်းတွေမပွင့်တော့တဲ့အပြင် အပင်ပါတောင် သေသွားတော့တာတဲ့။
သူ့ ဆီကနေ သိပ်ပြီးသင်းပျံ့လှပတဲ့ ပန်းကလေးတွေ ပွင့်လာကြဖို့  သူ့ ကို ထိပါးနှောင့်ယှက်လို့ မရအောင် မာနကြီးလွန်း သွေးကြီးလွန်းတဲ့ ချစ်စရာ အပင်လေးပါပဲ။ ကြီးကျယ် လွန်းလှ လို့  ကြီးကျယ်လိုက်တာကွယ်လို့  မုန်းလိုက်ဖို့ ကြတော့လည်း မထိုက်တန်လောက်အောင် သူ့ ပန်းပွင့်လေး
တွေက နူးညံ့ပျော့ပျောင်းလိုက်တာ ။ ချစ်စဖွယ် ကောင်းလွန်းလိုက်တာ ။
စိတ်အတွင်းသားတွေထဲအထိ အေးမြစွတ်စိုတဲ့မွှေးရနံ့နဲ့ နူးညံ့တဲ့အလှက ကြည်နူးစရာ ကောင်းလွန်းတော့လည်း သူ့ ကို သွေးကြီးမွေးကြီး နိုင်လိုက် တာ ကွယ်လို့  အပြစ်မတင် ရက်အောင်ပဲပေါ့။
"ငါ့ဆီကရတဲ့မေတ္တာနဲ့လက်ဆောင်ဟာ
အတိတ်ဖြစ်ဖြစ်
အရိပ်ဖြစ်ဖြစ်"
( ကောက်ကွေ့ )
သူ့ ပန်းလေးပွင့်လာစေဖို့ မျှော်လင့်ရင်း သူ့ ကို မထိရဲ မတို့ ရဲ မတို့ ရက် မထိရက်နဲ့ အရိပ်တကြည့်ကြည့် နေနေရလဲ သူ့ ဆီကရတဲ့ စိတ်နှလုံး
ကြည်စင်မှုက စွဲလန်းယစ်မူးစရာဆိုတော့ အဲဒီလို အရိပ်တကြည့်ကြည့်
နေရခြင်းမှာပဲ ပျော်ရွှင်မှုကစွဲလန်းပျော်ဝင်သွားကြပြန်ရော တဲ့လေ။
ကျနော်ကတော့ ဆောင်းရောက်လာပြီ ဆိုရင် ခွာညိုတွေ ပွင့်လာဖို့  ကို မျှော်လင့်စောင့်စားနေတတ်တဲ့သူဆိုတော့ ခွာညိုတွေကို အရိပ် တကြည့်ကြည့်နဲ့ ပါပဲ။ ခွာညိုတွေပွင့်လာဖို့  အရိပ်တကြည့်ကြည့် စောင့်နေ ရင်း ဘာတွေးမိလဲဆိုတော့ ကျနော့်ရဲ့ ကြယ်ကလေးသာ သစ်ပင်လေး တစ်ပင် ဖြစ်ခွင့်ရမယ်ဆိုရင် ခွာညိုပင်လေး ဖြစ်နေမှာပဲလို့  တွေးမိရင်း စိတ်ထဲမှာ ကြည်ကြည် နူးနူးလေးပဲ ပြုံးမိသွားတယ်။
တစ်ကယ်တော့လည်း ကြယ်ကလေးဟာဟာ ကျနော့်အတွက်တော့ အရိပ် တကြည့်ကြည့်နဲ့  မျှော်လင့်စောင့်စားရတဲ့ ချစ်စရာ့ခွာညိုပင်လေး တစ်ပင် ပါပဲ။ ဒီမနက် ခွာညိုပန်းတွေ ပွင့်နေတာကို မြင်ရတော့ ဒါကိုစဉ်းစားမိပြီး ကြယ်ကလေးကို ဖြတ်ကနဲ လွမ်းဆွတ်သွားရပြန်သေးတယ်။
ဒီကမ္ဘာကြီးမှာ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ပန်းတွေပွင့်လာတာကို မလှုပ်မယှက် မထိမပါးပဲ တစ်စုံ တရာ သွားရောက် မနှောင့်ယှက်ပဲ ငြိမ်သက် စွာ စောင့်ဆိုင်းကြည့်ရှုနိုင်ခြင်းလို့ ပဲ ကျနော်ကတော့ နားလည် လက်ခံ ထားပါတယ်။ ကြယ်ကလေးကိုလည်း အဲဒီအကြောင်း မကြာခဏပြောပြ
ဖြစ်တယ်။
စရိုက်သဘာဝတွေ ၊ ဖြစ်တည်မှုတွေမတူတော့ ကျနော်နဲ့ ကြယ်ကလေး ကြားမှာ အလေ့အထတွေပါ မတူကြဘူး။ ဒါပေမယ့်လည်း ကျနော့်  အတွက်ဆိုပြီး ကြယ်ကလေးရဲ့ ဘယ်အလေ့အထကိုမှ တကူးတက
ပြောင်းလဲမှာကို ကျနော်က မလိုလားဘူး။ ကြယ်တွေကကြယ်တွေ အလျောက်ပဲ တည်ရှိနေမှ လှနေမှာလေ။
ဘယ်သဘာဝ ကိုမှ ကျနော့် အတွက် တကူးတကမဖြစ်တည်စေလိုတာ ကျနော့်ရဲ့ လောဘနည်းမှုဆိုတာထက် လောကရဲ့  ချောင်လေးတစ်ချောင်ထဲမှာ အလှုပ်အခတ်နည်းနည်းနဲ့ ပဲ ငြိမ်သက်စွာ အသာလေးခွေနေချင်တဲ့ စရိုက် ကြောင့်ပဲ နေမှာပါ။
လောကမှာ ပန်းတွေပွင့်လာကြပုံက အတော်လေးထူးဆန်းတယ်ပြောရမယ် ထင်ပါရဲ့ ။ ပန်းပွင့်တွေအကြောင်း တွေးလိုက်ရုံနဲ့  ကိုယ်လည်းမမြင်ရပါပဲ ကိုယ်နဲ့လည်းမဆိုင်ပါပဲ နှလုံးသားထဲအထိ အေးမြစွတ်စိုနေစေကြရင်း သင်းပျံ့နေတတ်ကြတာ။ ခွာညိုတွေတစ်ပင်လုံးညွတ်နေတာကို တစ်ခါ
လောက် မြင်တွေ့နမ်းရှိုက်ဖူးရင် တစ်သက်စာလုံလောက်ခဲ့သလိုပါပဲ ကြယ်ကလေးဟာ ကျနော့်အတွက် အဓိပ္ပါယ် ရှိခဲ့ပါတယ်။
တစ်ကယ်တော့လည်း ကြယ်ကလေးက ကျနော့် အတွက် သွေးကြီးမာနကြီး မာန်ကြီး စည်းကမ်းကြီးလှတဲ့ ခွာညိုပင်ကလေးပေါ့။ သူ့ စည်းကမ်းတွေကို ဘယ်သူ့  အတွက်ဆိုပြီး တောင်မှ ဖောက်ဖျက် မပေးတတ်တဲ့ ကြယ်ကလေး တ တိကျခိုင်မာလွန်းတဲ့သူပါ။ ဒါပေမယ့်လည်း အဲဒီလို ပြတ်သားခိုင်မာတဲ့
ဖြစ်တည် မှုပုံစံ ထဲ ကနေပဲ ကျနော့်အတွက် သင်းပျံ့လွန်းတဲ့ ချစ်ခြင်းရနံ့တွေက နှလုံးသားထဲအထိ အေးမြစွတ်စို အောင် အချိန်တန်တဲ့အခါ ဖူးပွင့်လာ တတ်ကြ သေးတာကို တွေးမိရင် စိတ်ထဲအထိလှမ်းပြီး ကျနော့်မှာ ကြည်နူး ရတာ။
အဲဒီတော့လည်း ကျနော်ဟာ ခွာညိုပန်းတွေကိုကော ကြယ်ကလေးကိုပါ ချစ်မက်ရတာဟာ စိတ်နှလုံးအိမ် ထဲမှာ ကြည်နူးကျေနပ်စရာ တွေ ပြည့်နေ ခဲ့ရတာ ပါပဲ။ ခွာညိုပန်းတွေကို စိတ်မှန်းနဲ့ ချစ်ရတာဟာ နှလုံးသား ထဲ အထိ အေးမြကြသလိုပါပဲ ကြယ်ကလေးကို ချစ်ရတာကလည်း စိမ့်စမ်း
ရေတွင်းလေးတစ်ခု ရင်ထဲ ခိုဝင် နေသလို တသွင်သွင်ကြည်နူး ရပါတယ်။
တောင်ပေါ်ဒေသရဲ့  သဘာဝကျကျအေးခဲနေတဲ့ဆောင်းက ကျနော့်ခွာညိုတွေ ကို ပွင့်စေနိုင်ပါ့မလား မပြောနိုင် ပေမယ့် ကျနော်နေထိုင်ရာအရပ်မှာ ခွာညိုပင်လေး တစ်ပင်တော့ သေသေချာချာ စိုက်ပျိုးထားမိမှာ သေချာ ပါတယ်။ ခပ်ငယ်ငယ်တုန်းကတော့ စိုက်သမျှ ပန်းတွေပွင့်လိမ့်မယ်လို ယုံကြည်မှုတွေနဲ့ရူးခဲ့ဖူးတာပေါ့။ ခုကြတော့လည်း မယုံကြည်ခြင်း
လောကဓံတွေထဲ လူးလိမ့်နေအောင် ကူးခတ်ခဲ့ပြီးပြီမို့  ဘာကိုမှ ယုံကြည်လို့  မရဘူး ဆိုတာကိုပဲ ယုံကြည်စရာအဖြစ်ကျန်ရစ်ရတော့တာ။
အိမ်ရှေ့မှာ ဒါန်းလေးလည်းထားချင်သေးတယ်။ တစ်ခါတစ်လေ ကြယ်ကလေးကို လွမ်းတဲ့အလွမ်းတွေထဲ သွက်သွက်ခါနေတဲ့အခါ ဒါန်းလေးပေါ်ယိမ်းယိုင်နေတော့ ဟန်မပျက်ဘူးပေါ့။ လူတစ်ယောက်ကို စိတ်ရှည်လက်ရှည် စောင့်မျှော်ချစ်တတ်ဖို့ ဆိုတာ ခွေးလေးတစ်ကောင်ကို မေတ္တာအရင်ပေးမကြည့်ပဲ နားလည်နိုင်တဲ့အရာမျိုး မဟုတ်တော့ ကျနော့်မှာ ခွေးလေးတစ်ကောင်တော့ ရှိမှဖြစ်မယ်။
ပန်းတွေပွင့်ဖို့  မမျှော်လင့်မိပေမယ့် ပွင့်လာခဲ့ရင်လည်း ကျနော်ပျော်မှာပါ။ ပန်းပင်တွေကို စိတ်ရှည် လက်ရှည် ပျိုးယူတာဟာ ချစ်ခြင်းမေတ္တာကို
စောင့်မျှော် နေရတာထက်တော့ ဘေးထွက်ဆိုးကျိုးနည်းမှာ သေချာပါတယ်။ ကျနော့်ပန်းတွေပွင့်မပွင့် ဆိုတာထက် အရေးပိုကြီးတာက ကျနော့် နားခိုရာ အရိပ်ကလေးမှာ ခွာညိုပင်လေးတစ်ပင် အသေအချာရှိနေဖို့ ပါပဲ။
"ညနေခင်းတိမ်တွေကို ကြည့်နေတာပါ
ဒါပေမယ့် မင်းကို မြင်တယ်"
( ဝင်းမင်းထွန်း )
ကျနော်က ကော်ဖီကြိုက်တယ် မနက်ဆို ကော်ဖီပူပူလေး တစ်ခွက်လောက်
သောက်ရရင် ဘဝကို ပြည့်စုံတယ် ထင်နေတတ်တဲ့သူပေါ့။ အခုတော့ နိုးလာရင် ကြယ်ကလေးရှိရာအရပ်ဆီကို အရင်မျှော်ငေး ကြည့်နေရတာ ကို ဘဝရဲ့ ပျော်ရွှင်မှုလို့ ပြောင်းလဲထင်မှတ်နေတဲ့သူပေါ့ ။
ခုရက်ပိုင်း မြန်မာပြည်အထက်ပိုင်းတွေမှာ သိသိသာသာ အအေးပိုလာတယ်။ အအေးကြိုက်တဲ့ ကျနော်တောင် ညဘက်ဆို အရမ်းချမ်းတာပဲ။ အဲဒီလို ချမ်းစိမ့်နေတဲ့ ဆောင်းမနက်ခင်းတွေမှာ အိပ်ရာထဲကနေမထွက်သေး ပဲ စောင်ခြုံ လေးထဲမှာ ကွေးကွေးကလေးဆက်ပြီးနေရင်း ကြယ်ကလေး ကို လွမ်းဆွတ်နေရတာ ၊ သတိရ နေရတာဟာ ဘယ်လောက် ကြည်နူး စရာ ကောင်းလဲ ဆိုတာကို ဘယ်သူမှသေသေချာချာ သိကြမှာ မဟုတ်ဘူး။ ကြယ်ကလေး ကိုယ်တိုင်တောင် သိလိမ့်မယ်လို့  မထင်ပါဘူး။
နိုးလာလာချင်း သတိရတယ်ဆိုတာ တစ်ကယ်က အပြည့်အဝ မမှန်ဘူး ထင်ပါရဲ့။ အမှန်တော့ မျက်စိနှစ်လုံး မပွင့်ခင်ကတည်းက အသိစိတ်
ကောင်းကောင်း နိုးထမလာခင် အချိန်ကလေးမှာကို စပြီးသတိရခြင်းက အရင် လာတာ။ ဒါဟာ မသိစိတ်ရဲ့ အာရုံတွေထဲအထိ အလွမ်းတွေခိုအောင်းနေတဲ့ သဘောဖြစ်မှာပဲ။ စိတ်ဟာ မနက်တိုင်း အဲဒီလို ကြည်နူးစိတ်နဲ့ နိုးထ လာရတာ ခုဆို ကြာပြီပေါ့။ အဲဒီအတွက် ကြယ်ကလေးပေး တဲ့ မေတ္တာတရား ကို အလဟသ မဖြစ်စေပဲ ကျနော့်မှာ တန်ဖိုးထားပြီး တယုတယ သုံးစွဲရပါတယ်။
လူတစ်ဦးနှင့်တစ်ဦး သတိရခြင်းမှာ
မီးပွားများ သူ့အလိုလို အော်တိုလင်းပွင့်လာခြင်း ဖြစ်သည်
( အောင်ဘညို )
ဘဝထဲ ကျနော်နေထိုင်လာခဲ့ပုံက လောကဆီကနေ ဘာမှမရခဲ့ဖူးသလို ဘာမှလည်းမရချင်ခဲ့ဖူးဘူး။ လောဘနည်းတာထက် မရဘူးလို့  မရချင်တတ်တော့တာပဲနေမှာလို့  ပြောရင်ပိုမှန်မှာပါ။ ပြောရမယ်ဆိုရင် စားသောက်ဆိုင် တစ်ခုခုကိုရောက်သွားတဲ့အခါမျိုးမှာ ဘာစားချင်လဲ ဆိုတာကိုတောင် ကျနော် မရွေးချယ်တတ်ပါဘူး။
ရွေးချယ်ခွင့်နဲ့စိမ်းဝေးလိုက်ပုံကလေ။ ဘဝမှာလည်း ဘာဖြစ်ချင်လိုက်တာ ရယ်လို့  ဆန္ဒဆိုတာကို ရှေ့ တန်းတင်တဲ့အတွေးနဲ့ လည်း နေသားမကျ ခဲ့ဘူး။ တောင့်တတယ်လည်းမရှိ လိုချင်လိုက်တာလည်းမရှိနဲ့ ဒီလိုပဲ
နေလာခဲ့တာပါပဲ။ ဘာမျှော်လင့်ချက်မှ မရှိဘဲ နေလာရာကနေ ခုတော့လည်း အိပ်မက်လေးတစ်ခု မျှော်လင့်ချက်လေးတစ်ခု ရှိလာခဲ့တယ် ပြောရမယ် ထင်ပါရဲ့ ။
ပင်လယ်ကိုငြိမ်ငြိမ်လေးကြည့်ချင်တယ် နေဝင်တာကိုငြိမ်ငြိမ်လေးငေးကြည့်ချင်တယ် ။ ပန်းပင်တွေကို ကြည့်ချင်တယ် ။ ကြယ်ကလေးဘေးမှာ အဲဒီအရာတွေ ကို ငြိမ်ငြိမ်လေး ငေးကြည့်ခွင့်ရချင်မိတယ်။ အဲဒီအကြောင်း ကြယ်ကလေး ကို ပြောမိတော့ " ဖြစ်လာမှာပေါ့"လို့  သူကပြောတယ်။
"ဟောဒီကမ္ဘာကြီးမှာ ကြယ်တွေနေ့ တိုင်းကြွေနေကြတာ။ တစ်နေ့ နေ့ ကြရင် တောင်ပေါ်ဒေသက ကျနော့်ခြံလေးထဲမှာ ခွာညိုတွေပွင့်တဲ့အခါ ကြယ်တစ်စင်းလည်း ဆိုက်ဆိုက်
မြိုက်မြိုက် ကြွေကြလာမှာပေါ့"လို့  သူကပြောတယ်။
ဇာတ်ပေါင်းခန်းမပါမှန်းသိရက်နဲ့
ကျွန်တော် ဒီဇာတ်လမ်းထဲဝင်ထိုင်မိပါတယ်။
( ကောက်ကွေ့ )

အဲဒီလိုနဲ့ ပဲ ကျနော်ဟာ ခွာညိုပင်လေးတွေကို စိတ်ရှည်လက်ရှည်နဲ့  တယုတယပျိုးထောင်လို့ ။ ။
14.1.2016