"စိတ်ဆင်းရဲစရာတွေကြုံသေးလား
နေကောကောင်းရဲ့လား
မမေးရဲလို့ မမေးပဲထားခဲ့တဲ့
ငါ့ရဲ့ မောကြီးပန်းကြီး မေးခွန်းတွေ"
( မောင်မြတ်သူ )
ကြယ်တွေဆီ မော့ကြည့်မိတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တယ်လို့  ထင်မှတ်ထားမိတဲ့ ကြယ်တစ်စင်း တောက်ပနေတာကို မြင်ရတာဟာ ပျော်ရွှင်မှုပါပဲ။ ဖြစ်နိုင်ရင် ကြယ်ကလေးကို နေတစင်းလိုတောင် လင်းဖြာစေချင်သေးတာ။ ဒါပေမယ့်လည်း ပူလောင်နေမလား စိုးရိမ်မိလို့ သာ။
သူ့ တောက်ပမှုတွေက ကိုယ်နဲ့မဆိုင်ပေမယ့် ငေးကြည့်နေရတာဟာ ပြီးပြည့်စုံတဲ့ အဓိပ္ပါယ်ပါပဲ။
ကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့အခါ ကျနော့်မှာ ငေးကြည့်နေစရာ တောက်ပတဲ့ ကြယ်ကလေး ရှိနေတာဟာ ဒီကမ္ဘာရဲ့ အံ့သြစရာ ကံကောင်းမှုပေါ့။ ဒီလိုနဲ့ပဲ ကျနော်ဟာ နေ့ တွေညတွေကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းလာခဲ့တာ ဘာအကြောင်းကြောင့်မှန်းမသိပဲ ကြယ်ကလေးဆီကနေ တစ်ခါ တလေ အလင်းရောင်လေးတွေ ဖြတ်ကနဲ လက်လာတတ်တဲ့အခါဆို ကျနော့်မှာ ပျော်လို့ ရွှင်လို့ ။ လောကမှာ မျှော်လင့်ခြင်းရှိတယ် ဆိုတာကိုတောင် ယုံမိတော့မလိုမျိုးပဲ။
ကြယ်ကလေးနဲ့  ကျနော်က လူချင်းမနီးကြဘူး။ နီးဖို့ အကြောင်းလည်း မရှိသလို နောက်လည်း နီးမှာမဟုတ်ဘူး။ တစ်ကယ်က ကျနော်တို့ ကြားမှာ ကောင်းကင်ကြီးတစ်ခုစာလုံးခြားနေတာ။ ကမ္ဘာတစ်ခုစာ ဝေးနေခဲ့ပြီးသားဆိုတာလည်း သေချာနေပြီးသား။ ဒါပေမယ့်လည်း ကျနော်တို့ ဟာ စိတ်အားဖြင့် အမြဲ အတူရှိနေကြတာ။ အဲဒီလိုရှိနေရမှုဟာ သိပ် အံ့သြစရာကောင်းပြီး ကျနော်တို့ နှစ်ယောက်လုံး အဲဒီ ဖြစ်တည်မှုကို ကျေနပ်ကြ၊ ပျော်ရွှင်နေကြတာထူးဆန်းတယ်ပြောရမယ်။ တစ်ယောက်စိတ်ထဲမှာ နောက်တစ်ယောက် ရှိနေတဲ့အကြောင်း တွေးရတာဟာ စိတ်ထဲမှာ အမြဲနွေးနေတော့တာပဲ။
နှစ်ယောက်လုံးရဲ့ ရင်ဘတ်တွေဟာ လစ်ဟာမှုတွေရှိခဲ့တယ်ဆိုတဲ့ သက်သေလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ စိတ်ထဲက အပေါက်အပြဲတွေဟာ တစ်ယောက်ကတစ်ယောက်ကို ဖြည့်ပေးလိုက်ကြသလိုမျိုးဘဲ ကျနော်တို့ ကို ငြိတွယ်သွားစေခဲ့တာ။
ဘာမျှော်လင့်ချက်မှ မပါဘဲ၊ ဘာမှလည်းထပ်မလိုချင်တော့ပဲ တစ်စုံတစ်ရာကိုချစ်မက်နေရတာဟာ သိပ်ပြီးကြည်နူးစရာ ကောင်းတယ်လို့  ကျနော်ကပြောတိုင်း ကြယ်ကလေးကပြုံးတယ်။ ကြယ်ကလေးက မညာတတ်တဲ့ ရိုးသားမှုတွေနဲ့ သူဆိုတော့ မမှန်တာဆိုရင် သူကချက်ချင်း ငြင်းတတ်တယ်။ မှန်ပြီး ဝန်ခံလိုက်ဖို့  ခက်နေတဲ့အရာမျိုးဆိုရင်တော့ သူက ငြိမ်ငြိမ်သက်သက် ကလေး တိတ်တဆိတ် လင်းနေတတ်တဲ့ ကြယ်ပေါ့။
ကြယ်ကလေးအကြောင်းတွေးမိရင် စိတ်ကအလိုလိုနွေးသွားတယ်။ ကြမ်းတမ်းမာကျောမှုတွေနဲ့ ပဲ အသားကျ နေခဲ့တော့ အဲဒီလောက်နူးနူးညံ့ညံ့သက်ဝင်လို့  ရတဲ့မေတ္တာတရား လောကမှာရှိနေတာ ကျနော်မသိခဲ့တာ အမှန်ဘဲ။ သူများတွေပြောကြဆိုကြတာ ကြားဖူးလည်း အမြဲပြက်ရယ်ပြုခဲ့တာ။ ယုံမှမယုံနိုင်ခဲ့တာလေ။ ယုံနိုင်စရာတွေလည်းပဲ မရှိမှ မရှိခဲ့ဘဲကိုး။
"ငါက ဖုန်းဆိုးမြေပါ အချစ်ရယ်
ဘယ်လို စိတ်ချမ်းသာစရာမှ စိုက်ပျိုးလို့မရခဲ့"
( မောင်မြတ်သူ )
ခုကြတော့လည်း တစ်နေ့ ကြရင် ပျောက်ကွယ်သွားမှာမှန်း သေချာနေတဲ့အလင်းရောင်တစ်ခုကို ပျောက်သွားမယ့် အကြောင်းမတွေးဘဲ အနွေးဓာတ်ရနေတဲ့ အခိုက်အတန့် လေးတွေအတွက်ပဲ ကျနော့်မှာ ကျေးဇူးတင်ရတယ်။ ဘဝဆိုတာ ဘာမှသိပ်မကြာတဲ့အပြင် ဘာမဆို ဖြစ်ပျက်ပြောင်းလဲ လွယ်လွန်းတဲ့ လောကသဘောကို နားလည်ထားခဲ့လို့  အသက်ရှုသာခဲ့တဲ့ ရွှေရောင်နေ့ ရက်လေး တွေ ရှိခဲ့တာကိုပဲ ကျနော့်မှာ တန်ဖိုးတကြီးသိမ်းဆည်းရပါတယ်။
တစ်နေ့ တော့ ကျနော်က ကြယ်ကလေးကိုမေးမိတယ် ။ စာရေးတာအလုပ်လားဆိုတော့ "အို သိပ်ကောင်းတဲ့ အလုပ်ပေါ့" လို့  သူကဖြေတယ် ဒါပေမယ့် ဒီအဖြေစကားတစ်ခွန်းမှာ သူရောကျနော်ပါ ရယ်မိလိုက်ကြတယ် ။ ဘာဖြစ်လို့ လည်းဆိုတော့ ကြယ်ကလေးက စာပေနဲ့ မှ မနီးစပ်တာကိုး။ ပြောရရင် ကြယ်ကလေးက ကြယ်ကလေးပီသစွာပဲ ကျနော်တို့ နဲ့  မသက်ဆိုင်တဲ့ တစ်ခြားဂြိုလ်ကမ္ဘာ ဖြစ်တည်လာခဲ့တာမျိုးပေါ့။
ဒီကမ္ဘာက ကျနော်တို့ အတွေးတွေ ၊ စိတ်ဝင်စားမှုတွေ ၊ ခံစားချက်တွေက ကြယ်ကလေး အတွက် လည်း စိမ်းသက်နေခဲ့တာပဲလေ။တစ်ခါတလေ ကျနော်ရေးတဲ့စာတစ်ချို့ ကို ပြမိရင် ကြယ်ကလေးက နားမလည်ဘူး လို့  ပြောတယ်။ ကြယ်ကလေး နားမလည်ဘူးဆိုတာကိုလည်း ကျနော်က နားလည် တယ် ။ ဟုတ်မှာဘဲလေ ကျနော်တို့  ဖြစ်တည်မှုတွေက ဂြိုလ်တစ်ခုနဲ့  တစ်ခုကြားလောက်ကို ဝေးကြ တာကိုး။ တစ်ကယ်က ကျနော်နဲ့  ကြယ်ကလေးကြားမှာ ရေမြေအနေအထား ၊ ရာသီဥတုတွေ ၊ ကျင်လည်သက်ဝင် ယုံကြည်ရာတွေ အကုန်လွဲနေခဲ့ကြတာ။ ကျနော်တို့ မှာ တူတာဆိုလို့  သံယောဇဉ်ပဲ ရှိမယ်ထင်ပါရဲ့ ။
သံယောဇဉ်ဆိုတဲ့အကြောင်းကလည်း သိပ်ပြီးပြောရခက်တယ် ။ လက်ဆုပ်လက်ကိုင်မပြနိုင်ဘူး၊ အကောင်အထည်ဒြပ် မရှိဘူး၊ ဒါပေမယ့်လည်း အခိုင်အမာတည်ရှိနေကြတာမျိုး။ ဒီလိုနဲ့  ကျနော် နဲ့ ကြယ်ကလေးကြားက သံယောဇဉ်တွေဟာ တစ်နေ့ ထက်တစ်နေ့  ပိုမို ထူထပ်သိပ်သည်း လာခဲ့ ကြရင်း သံယောဇဉ်တွေ အဆမတန်သိပ်ပြီးလေးလာတဲ့အခါ ကျနော်တို့ ခွဲခွာရခြင်းကို ဒဏ်သင့် စေမယ်မှန်း သိသိရက်နဲ့  အဲဒီအခိုက်အတန့် တွေမှာ သူရောကျနော်ပါပျော်နေခဲ့ကြတယ်။ တစ်ယောက် တည်ရှိနေမှုကို တစ်ယောက်တန်ဖိုးကြီးခဲ့ကြရတယ်။
ဒါပေမယ့် ရယ်စရာကောင်းတာက ချစ်ခြင်းမေတ္တာဆိုတာ ကို ဘယ်လိုအရာမှန်း ကြယ်ကလေးကော ကျနော်ပါ ကောင်းကောင်းနားမလည်တာပဲ။ တစ်ယောက်က နောက်တစ်ယောက်ရဲ့ ရင်ထဲမှာ တန်ဖိုးကြီးနေရတာကိုများ အချစ်လို့  ခေါ်လေသလားတော့ ကျနော်လည်း မပြောတတ်ဘူး။ နှစ်ဆယ့် လေးနာရီလုံး စိတ်ထဲရှိနေတာမျိုး မဟုတ်ဘဲ စိတ်ချင်းအတူရှိနေကြတာမျိုး ဆိုရင်တော့ ကျနော်တို့  ကြားမှာ မေတ္တာရှိတယ်လို့  ပြောရမှာဘဲ။
ကျနော့်အနားကို ဘယ်တော့မှရောက်လာမှာ မဟုတ်တဲ့ ကြယ်ကလေးကိုယ်စား စောင့်ရှောက်ချစ်ခင်ဖို့  မနက်ဖြန်ကျရင်တော့ ကံ့ကော်ပင်လေး တစ်ပင်လောက်ပျိုးခြံမှာသွားဝယ်မယ်လို့  စိတ်ကူးတယ်။ ကြယ်ကလေးကို ချစ်တယ်ဆိုတာမှာ ဘယ်လိုမျိုး ချစ်မိတာလည်းဆိုတော့ ကံ့ကော်ပင်ပေါက်ကလေးကို စိုက်ပြီး နေ့ တိုင်း အရိပ်တကြည့်ကြည့် နဲ့ ကရုစိုက် သလိုမျိုးဘဲပေါ့။ ရေလောင်းမယ် ပေါင်းသင်မယ် လောင်းရိပ်မမိအောင်ကာကွယ်မယ်။ ကံ့ ကော်တွေ ပွင့်တာ ကျနော်နဲ့ မဆိုင်မှန်း၊ မမှီတော့ပြီမှန်း သိသိရက်နဲ့ပေါ့။
"ငါတတ်နိုင်တာဆိုလို့ ငေးနေရုံပဲ
ငါလုပ်နိုင်တာဆိုလို့ ဝေးနေရုံပဲ "
( မောင်မြတ်သူ )
ကိုယ်နဲ့မဆိုင်တဲ့ သူ့ သီးပွင့်မှုတွေအကြောင်း မေ့ထားပြီး ပန်းပင်လေးကို နေ့ တိုင်း တယုတယ ချစ်ခင် စောင့်ရှောက်ရတာဟာ ကြယ်ကလေးအပေါ်ကိုထားတဲ့ ကျနော့်ရဲ့ ချစ်ခြင်းပေါ့။ သံယောဇဉ် ဆိုတဲ့ သဘောကလည်း ပြောရတာတော့ တော်တော်ခက်တယ် ။ သံယောဇဉ်ဆိုတဲ့အရာက တစ်ကယ်တော့ တွယ်တာ မဟုတ်ဘူး ငြိသွားတာ ။ တစ်ခါတလေ ထွေထွေထူးထူး အကြောင်းအရာလည်း မဟုတ်ပါ ဘဲနဲ့ လေ သူ့ အလိုလိုပဲ ငြိသွားတတ်တာမျိုး။ ကြည့်ရတာတော့ စိတ်ထဲကလှိုင်းအလျားတွေ ဖြတ်ကနဲ တိုးတိုက်မိသွားသလိုမျိုး အမှတ်ထင်ထင်ပါပဲ ကျနော်နဲ့ ကြယ်ကလေး သံယောဇဉ်တွေနဲ့  ငြိကုန်ကြတာ။
ချစ်ခြင်းတရားကိုလည်း ကျနော်နေ့ တိုင်းရေလောင်းပေါင်းသင်ရင်း ၊ ကံ့ကော်ပွင့်တွေအကြောင်းလည်း စိတ်နဲ့ ကြိုတင်မွှေးမြနေရင်း တစ်နေ့  ပန်းတွေပွင့်တဲ့အခါ ကျနော်မြင်ခွင့်မရလည်း ရနံ့ဆိုတာမျိုးက တစ်ခါလောက် သင်းပျံ့ဖူးခဲ့ရင်တောင် ဘယ်အချိန်ပြန်တွေးတွေး အာရုံမှာ အမြဲလာပြီးမွှေးတာပဲပေါ့ ။ မေတ္တာဆိုတာ သင်းပျံ့တဲ့ရနံ့သာ ဖြစ်မယ်ဆိုရင် ကျနော်ဟာ တစ်နေ့ နေ့ တော့ ကံ့ကော်တွေရနံ့ကို စိတ်နဲ့ ရှုရှိုက်နေရဦးမှာပါ။
မနက်မိုးလင်းလို့ မျက်စိပွင့်လာတာနဲ့ မနက်ခင်းနေရောင်တွေက ကြယ် ကလေးဆီ ကို ပျော်ရွှင်မှုတွေ ခွန်အားအသစ်တွေ ယူလာပါစေ။ စိတ်နဲ့တောင့်တလိုက်ရုံနဲ့ လိုသမျှပြည့်ပါစေဆိုပြီး ကျနော့် စိတ်အာရုံကို သူ့ ဆီညွှတ်လိုက်မိတယ်။
ပြီးရင်ကျနော်က ကြယ်ကလေးဆီ သတင်းစကားပါးတယ်။
ကြည်လင်စွာနိုးထလာပါ။
မနက်စာကို ပျော်ရွှင်စွာစားသောက်ပါ။
ကော်ဖီပူပူမွှေးမွှေးလေးတစ်ခွက်ကို ဖြစ်နိုင်ရင်သောက်ပါ။
ခွန်အားအသစ်နဲ့အောင်မြင်ပါ။
ကြယ်ကလေး ဖြစ်တည် ရှင်သန်နေမှ လိုက်ရှင်သန်နေမယ့် နှလုံးသားတစ်ချို့ရှိကြောင်းကို သတိရပေးပါ။
ကျနော်သိပ်ချစ်တယ်ဆိုတာကို အားတဲ့အခါ သတိရပေးပါလို့  မနက်လင်းတဲ့အလွမ်းကို အလွမ်းရယ် လို့  ခေါင်းစဉ်မတတ်ဘဲ ကြယ်ကလေးဆီပို့ လေ့ရှိတယ်။
"မေတ္တာ တရားဟာ ဘေးထွက်ဆိုးကျိုးသိပ်များတယ်
ရောင့်ရဲခြင်းပန်းများ ရွှေသားအတိပွင့်စေ"
တစ်ကယ်တော့လည်း ရယ်ရတယ်။ ချစ်ခြင်းမေတ္တာအပါအဝင် အရာရာဟာ တောင့်တစရာမလိုအောင်ကို ကြယ်ကလေးဆီမှာ များပြားပိုလျှံနေပါရက်နဲ့  ကျနော်က ရှိသမျှဘုရားသခင်တွေကို ကျနော့်ကိုယ်စား သူ့ ကို ပိုပြီးစောင့်ရှောက် နေစေချင်သေးတာမျိုးဆိုတာ မေတ္တာဆိုတဲ့သဘောကို နားမလည်ဘူးဆိုရင် အတော်လေး ရယ်စရာကောင်းနေတာကိုး။
ကြယ်ကလေးနဲ့ ကျနော်ဟာ အပြန်အလှန်လိုအပ်နေကြရတာ။ သိပ်ပြီးကျယ်ပြောလွန်းတဲ့ ကောင်းကင်ကြီးထဲ မော့ကြည့်လိုက်တဲ့အခါ ကျနော်နဲ့ သက်ဆိုင်တယ်လို့  ကျနော့်ဘာသာ ယူဆလို့ ရတဲ့ ကြယ်ကလေး တစ်စင်း ရှိနေတာဟာ ဘယ်လောက်ကြီးမားတဲ့ စိတ်လုံခြုံမှုလဲဆိုတာကို တစ်စုံတစ်ယောက်နားလည်အောင် ကျနော်ပြောမပြတတ်ဘူး။
တစ်ခါတလေတော့လည်း ကြယ်ဆိုတော့ နေ့ အလင်းရောင်တွေသိပ်စူးလွန်းတဲ့အခါ ကွယ်ပျောက် နေတတ် တာမျိုးရှိတယ်လေ။ အဲဒီလိုအခါဆို ကြယ်ကလေးကို မမြင်ရတဲ့အတွက် တရေးမနိုးသေးခင်မှာဘဲ ကြယ်ကလေး ကွယ်ပျောက်သွားပြီလားဆိုပြီး သိသိရက်နဲ့ ပဲ ကယောင်ကတန်းတွေ တွေးပြီး ပူလာလေ့ ရှိတယ်။ သူဟာကြယ်ဆိုတော့လည်း ကျနော်တို့ လိုတော့ မဟုတ်ဘူးပေါ့။ တစ်ခါတလေတော့လည်း ကျနော်တို့  နားမလည်တဲ့ ကြယ်ဘာသာဘာဝတွေနဲ့  သူ့ ကမ္ဘာမှာအလုပ်တွေ ရှုပ်နေလေ့ ရှိတယ်။
ဘယ်လောက်ပဲနားလည်ပါတယ်ပြောပြော ကြယ်ကလေးကို မမြင်ရတော့တဲ့အခါတွေဆို အားငယ်မှုနဲ့  တိတ်ဆိတ်နေတတ်ပြီး၊ ကြောက်ရွံ့ မှုကြောင့် ကျနော့်မှာ ငြိမ်ကုပ်သွားတတ်တာ။ ဘဝတိုတိုလေးထဲမှာ ကြယ်ကလေးကိုမြင်တွေ့ နေရခွင့်ဟာ ဘယ်လောက်တိုမှာမှန်းလည်း မသိပါဘဲနဲ့  ကျနော့်ရှင်သန်ခြင်း တွေကို ကြယ်ကလေးနဲ့  တစ်ဆက်တစ်စပ်တည်း ဆက်ထားမိလောက်အောင် ကျနော်ရူးသွပ်ခဲ့ရတယ်။
တစ်ခါတလေတော့လည်း သိမ်ငယ်စိတ်နဲ့ ငြိမ်ငြိမ်သက်သက်လေးပဲ ကြယ်ကိုကြည့်ရင်း လွမ်းနေတတ် ပြန်တယ်။ တစ်ကယ်တော့ ကြယ်ကလေးရဲ့ ကမ္ဘာမှာ မရတာမရှိခဲ့ဖူးဘူးဆိုတော့ သူက စိတ်ရှုပ်မခံတတ်ဘူး။ သူလည်းဂျီမကျတတ်သလို သူ့ ကိုဂျီကျရင်လည်း အလွန်စိတ်ဆိုးလေ့ရှိတာ။ ကျနော့်ဘာသာ ဘယ်လောက် ပဲ ငြိမ်ဆိတ်စွာလွမ်းပါတယ်ပြောပြော တစ်ကယ်တော့လည်း ကျနော့်တည်ရှိနေမှုကိုက ကြယ်ကလေး အတွက် ဝန်အပိုတစ်ခုလို ဖြစ်နေခဲ့ရတယ်ဆိုတာ သိပြီး အမှိုက်တစ်ခုဖြစ်နေတာတောင် မစွန့် ပစ်တဲ့ ကြယ်ကလေးရဲ့ မေတ္တာကိုနားလည်ရင်း မျက်ရည်ဝဲရပြန်တယ်။
စကားအများကြီးမပြောတဲ့ ကြယ်ကလေးရဲ
့နှလုံးသားကအသံကို ကျနော်ကကြားနိုင်ခဲ့ပြီး
ကျနော့်ဆီက တစ်တွတ်တွတ် အသံလှိုင်းတွေကိုတော့ ကြယ်ဟာပြုံးပြီးပဲ ကြည့်နေခဲ့တယ်။ သူ့ ကိုမမြင်ရလို့  ကျနော်
စိတ်ပူနေမယ်ဆိုရင် သူကလည်းအဲဒါကိုပြန်ပြီး စိတ်ပူနေပြန်ရော။
တစ်ယောက်နဲ့ တစ်ယောက် ဂြိုလ်ကမ္ဘာတွေခြားနေရက်နဲ့  ကျနော်တို့ ကြားဆက်သွယ်ထားတဲ့ စိတ်လှိုင်း တွေက သိပ်ထူးဆန်းတယ်ပြောရမယ်။ တစ်ကယ်တော့ ကျနော်တို့ ကြားမှာ တစ်ယောက်ကို တစ်ယောက် နားလည်မှုကလွဲရင် ဘာမှမပါဘူး။ ဒါဟာဖြစ်တောင့်ဖြစ်ခဲပဲ။
တစ်ယောက်နဲ့ တစ်ယောက် ဂြိုလ်ကမ္ဘာတွေခြားနေရက်နဲ့  ကျနော်တို့ ကြားဆက်သွယ်ထားတဲ့ စိတ်လှိုင်း တွေက သိပ်ထူးဆန်းတယ်ပြောရမယ်။ တစ်ကယ်တော့ ကျနော်တို့ ကြားမှာ တစ်ယောက်ကို တစ်ယောက် နားလည်မှုကလွဲရင် ဘာမှမပါဘူး။ ဒါဟာဖြစ်တောင့်ဖြစ်ခဲပဲ။
ယုံကြည်မှုဆိုတာဘာလဲဆိုတာကို ကြယ်ကလေးဆီကနေပဲ ကျနော်သင်ယူရရှိခဲ့တာ။ ယုံတယ်ဆိုတာ ရဲ့ နောက်မှာ သံသယလေးမြူတစ်မှုန်တောင်မစင်အောင် ကြယ်ကလေးဟာ စိတ်အနေရှင်းလှတယ်။ ကြယ်ကလေးဆီက အလင်းရောင်ကြောင့် ခွန်အားဖြစ်ရပါတယ်လို့  ပြောမိရင် သူပြန်ပြောတာက " ကြယ်ဆိုတာ အချိန်တန်ရင် ကြွေရမှာပဲလေ ၊ အမှန်တရားကို လက်ခံမှဖြစ်မယ်" တဲ့။ သူ့ ဆီက အဲဒီလို အဖြောင့်ဆန်မှုတွေကပဲ ကျနော့်ကိုစိတ်လုံခြုံစေခဲ့တာ။
ကြယ်ကလေးဟာ သူ့ ကိုယ်သူမကြွေအောင်ထိန်းထားရင်း ကျနော့်ကိုအလင်းရောင်ပေးတယ်ဆိုတာ ဘယ်လောက်ခက်ခဲမလဲသိနေပေမယ့် ကျနော်ကလည်း ရိုးသားစွာပဲ မသိချင်ယောင်ဆောင်ရင်း မက်မောနေမိပြန်တယ် ။ ကြယ်ကလေးအတွက် ဝန်အပိုဖြစ်နေစေပြီထင်ရဲ့ လို့  တွေးရင်းနဲ့ တောင်မှ ကြယ်ကလေးကို လွမ်းဆွတ်နေမိပြန်တယ်။ သိမှုဟာ သတိရခြင်းကို မတားမြစ်နိုင်ရှာဘူး။ အဲဒီလိုပါပဲ သိမှုဟာ ချစ်ခြင်းမေတ္တာကိုကော နားလည်မှုတွေကိုပါ မတားမြစ်နိုင်ရှာဘူး။
"ဘယ်တတ်နိုင်မလဲ
ကြယ်တွေဆီကအလင်းလိုမျိုး မေတ္တာ
အဝေးကြီးကလာခဲ့တာပေါ့"
(မောင်မြတ်သူ)
ဒီလိုနဲ့ ပဲ ကျနော်တို့ ဟာ
တစ်ကမ္ဘာနဲ့ တစ်ကမ္ဘာ ငေးကြည့်နေခဲ့ကြတာ။ ။
မေဇော်
မေဇော်
No comments:
Post a Comment