သူက ငါ့ကိုပေးပေးမပေးပေး
ငါ့နှလုံးသားက ရပြီးသား။
မဖြစ်နိုင်ဘူးဆိုတာတွေ
ဖြစ်ခဲ့တယ်။
( အောင်ချိမ့် )
မျက်စိနဲ့  ကြည့်တဲ့အရာတိုင်းကို မြင်ရလားလို့ မေးရင် ကြည့်ပေမယ့်မမြင်တာတွေလည်း ရှိတယ်လို့ ပဲ ဖြေရမယ်ထင်ပါရဲ့ ။ အမြင်အာရုံထဲဝင်လာပေမယ့် စိတ်ပြူတင်းတွေပိတ်ထားတဲ့အခါဆိုရင် တစ်ယောက်ကို တစ်ယောက် မြင်နိုင်ကြမယ်လို့  ကျနော်မယုံပါဘူး။ စိတ်ကိုစိတ်နဲ့ ကြည့်မှဘဲ မြင်လို့ ရတာမို့  ကျနော်က တော့ ဘယ်လောက်ပဲဝေးဝေး ကြယ်ကလေးကို မြင်နိုင်ခဲ့ပါတယ်။
မေတ္တာစစ်ရင် မပူလောင်ဘူး ၊ဒေါသတွေမပါဘူး ၊ အတ္တတွေမပါတော့ဘူး ဖြစ်ရလေခြင်းတွေမပါတော့ဘူး ဆိုတဲ့စကားကို အခုမှ ကျနော်သေသေချာချာ နားလည် သွားရတော့တာ ။ ကြယ်ကလေးနဲ့ ကျနော် ဟာ ဘဝအဆက်ဆက်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်တောင် နီးခဲ့ကြပါလိမ့် ဘယ်လောက်တောင် နားလည်ခဲ့ကြ ပြီးသားပါလိမ့်လို့  တွေးကြည့်မိရင် သိပ်ပြီးကြည်နူးစရာကောင်းတာပဲ။ ကျနော်တို့ ကြားမှာ ဘယ်လိုအကြောင်းအရာတွေကိုမှ စကားလုံးတွေ ၊ ခွန်အားတွေ ၊စိတ်ပင်ပန်းမှုတွေကို ရင်းပြီး ရှင်းပြနေစရာ မလိုခဲ့ကြဘူး။
စိတ်ချင်းအတူရှိတဲ့အခါ ဘာမှထပ်မလိုတော့ဘူးလို့ ပြောရင်း ဘယ်လို ပြသနာတိုင်းအတွက်ပဲဖြစ်ဖြစ် အကျိုး အကြောင်း တစ်စုံတစ်ရာကိုမှ ရှင်းပြဖို့ မလိုပဲ ကျနော့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်။
ဘာဖြစ်လို့  အဲဒီလို လုပ်နိုင်ရတာလဲလို့ မေးတဲ့အခါတိုင်း ကြယ်ကလေး ကျနော့်ကိုပြန်မေးတတ်တာက "ယုံကြည်မှုဆိုတာ ဘာလဲ ၊ စိတ်ချင်း အမြဲအတူရှိနေတယ်ဆိုတာ ဘာလဲ" တဲ့။ အဲဒီတော့မှ ကြယ်ကလေး ဆီကနေ ကျနော်ရနေတဲ့ စိတ်လုံခြုံမှုဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို ကျနော့်မှာ တစိမ့်စိမ့်ခံစားပြီး နားလည်လာခဲ့ရတယ်။
ကြယ်ကလေးဆီကနေရတဲ့ စိတ်လုံခြုံမှုရယ် ယုံကြည်ခြင်းဆိုတာ ဘယ်လိုအရာဆိုတဲ့အကြောင်း သင်ကြား ပြသမှု ရယ်ဟာ ကြယ်ကလေးဆီကနေ ကျနော်ရရှိတဲ့ အဖိုးမဖြတ်နိုငိတဲ့လက်ဆောင်မွန်ပေါ့။ ကိုယ်ချစ်တဲ့ သူဆီကနေ စိတ်လုံခြုံမှုရဖို့ ဆိုတာ လောကမှာ လူဘယ်နှစ်ယောက်မှ ရနိုင်တဲ့အရာမဟုတ်ဘူး ။ များသော အားဖြင့်တော့ လူတွေဟာ တစ်ယောက်ကိုယ်တစ်ယောက် ချစ်တယ်လို့ ပြောပြီးရင် အတ္တတွေနဲ့ပိုပြီးပူလောင် လာကြ ၊မရည်ရွယ်ပါပဲ တစ်ယောက်ကိုယ်တစ်ယောက် ပိုပြီးပွန်းရှစေကြတာသာများတာ။ ချစ်ခြင်းအားဖြင့် ဆိုပြီး တစ်ယောက်ကိုယ်တစ်ယောက် နာကျင်စေကြအောင်လုပ်ရင်း ကြားထဲက ချစ်ခြင်းမေတ္တာကို ဖျက်ဆီး ပစ်တတ်ကြတာ။ တစ်ကယ်တော့လည်း လောကမှာ လူအချင်းချင်း စိတ်ဓာတ်ကို rape လုပ်ခံနေကြရတာပဲ များတယ်ထင်ပါရဲ့။
ယုံကြည်တယ်ဆိုတာကလည်း တစ်ယောက်ကိုယ်တစ်ယောက် မြင်နေရလို့ သာ ဖြစ်မယ်။ တစ်ကယ်တော့ တစ်ယောက်ကိုယ်တစ်ယောက် မြင်ဖို့ ဆိုတာ ခက်လိမ့်မယ်ထင်တယ်လို့  ပြောတော့ ကြယ်ကလေးက " အင်း သိပ်ခက်တဲ့အရာပေါ့ " လို့  ပြောရင်း စိတ်ကိုပေးမှပဲ စိတ်ကိုရမှာပေါ့ ၊ တစ်ချို့ လူတွေက စိတ်ကို မပေးပဲ စိတ်ကိုတော့ရချင်ကြတာ " လို့  ပြန်ပြောတယ်။
ကြယ်ကလေးဟာ ကောင်းကင်မှာပဲနေနေရတော့ လူတွေရဲ့ စိတ်ကို ကျနော့်ထက်တော့ ပိုမိုသိမြင် နားလည်နိုင်ခွင့်တွေ ရခဲ့တယ်ထင်ပါရဲ့ ။ လူတွေရဲ့ စိတ်တွေ အကြောင်း၊ လူ့ သဘောသဘာဝတွေ အကြောင်းကို ကျနော့်ထက် အများကြီးပိုပြီး နားလည်ခဲ့တယ်။ အဲလိုအရာတွေနဲ့ ပတ်သက်ပြီး ကျနော် စိတ်ဓာတ်ကျသွေးပျက်လာတိုင်း အမြဲအားပေးနိုင်ခဲ့တယ်။
မင်းမျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ
( စိုင်းဝင်းမြင့် )
ဒီကမ္ဘာကြီးပေါ်က အလွဲအချော်တွေအားလုံးဟာ တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြရာကနေ စခဲ့တယ် ထင်တာပဲလို့  ကျနော်ကပြောတဲ့အခါ ကြယ်ကလေး " ဟုတ်မှာပေါ့ " လို့  ရယ်ရင်းနဲ့ ထောက်ခံ တယ်။ "တစ်ယောက်ကို တစ်ယောက်မြင်နိုင်ကြဖို့ ဆိုတာ တစ်ကယ်ခက်တယ်" လို့  သူကခပ်ညည်းညည်း လေး ထပ်ပြောလိုက်ပြန်တယ်။ "ကျနော်ကတော့ အမြဲမြင်နိုင်ခဲ့ပါတယ် " လို့ ပြောတဲ့အခါ သူက အသာပြုံးလိုက် ရင်း မြင်နိုင်လွန်းတာလည်း မကောင်းဘူး၊ လူတွေမှာ သိုဝှက်ဖုံးကွယ်ထားချင်တဲ့ အစိတ်အပိုင်းတွေဆိုတာ ရှိနေမှာပဲလေ" လို့  ပြုံးရင်းဆက်ပြောတယ်။
"ကြယ်ကလေးမှာကောဖုံးကွယ်ထားချင်တဲ့ အစိတ်အပိုင်းတွေရှိနေလို့ လား၊ ကျနော်မြင်မှာကို မကြိုက်ဘူး လား "ဆိုတော့ "အင်းပေါ့ …တစ်ချို့ အရာတွေကို ဖွင့်ဟဝန်မခံချင်တာမျိုးတွေဆိုတာ လူတိုင်းမှာရှိမှာပေါ့လို့  သူကဖြေတယ် " "သိနေမြင်နေပေမယ့် မသိသလို မမြင်သလို နေကြထိုင်ကြရတာ လူ့ ဘဝပဲထင်ပါရဲ့ " လို့ လည်း တစ်ဆက်တည်းပြောလိုက်သေးတယ်။
ကြယ်ကလေးကို ကျနော်သဘောကျတယ်ဆိုတာ အဲဒီလိုစရိုက်တွေပေါ့။ အမြဲအမှန်အတိုင်းပြောတော့ ညာမှာ မဟုတ်ဘူးဆိုတဲ့ စိတ်လုံခြုံမှုကို ရရှိစေတာ ။ အဲဒီခံစားချက်က လူကိုသိပ်ပြီးနေလို့ ကောင်းစေတာပဲ။ ကျနော်ကညာတာကို မုန်းတယ်။ မုန်းတယ်ဆိုတာထက် ခါးသီးတယ်လို့  ပြောရမယ်ထင်တယ်။ "လူတွေက ဘာဖြစ်လို့  အမြဲညာပြောနေကြမှန်း ကျနော်နားမလည်ဘူး"လို့  ပြောမိရင် " ကြောက်လို့ ပေါ့၊ သူတို့  ဆုံးရှုံး သွားမယ်လို့  ထင်တဲ့အရာတွေကို အဆုံးရှုံးမခံနိုင်တဲ့အတွက် ညာကြတယ်ထင်ပါရဲ့  "လို့  သူကဖြေတယ်။
ကြယ်ကလေးဟာ မညာတတ်တဲ့အပြင် အမှန်ကိုမျက်ခြေမပြတ်သူပဲ။ အဲဒီလို ဆိုတော့လည်း သူ့ ရင်ထဲ ကျနော် အကုန်လှမ်းမြင်နေရတာကို သူကြိုက်မှာမဟုတ်ဘူးဆိုတာ နားလည်လာမိတယ်။ တစ်ချို့ အရာ တွေက အဖြေမရှိသလို၊ အဖြေကို တိတိကျကျ သိဖို့ မလိုတာတွေလည်း ရှိတာပဲ ဆိုတဲ့အကြောင်းတော့ ကျနော်သူ့ ကိုမပြောလိုက်တော့ပါဘူး။ စိတ်နဲ့ ကြည့်လို့  မြင်တဲ့အရာတွေအတွက် သက်သေပြချက်တွေ လိုမှမလိုတာ။ စိတ်ထက်ပိုပြီးရှင်းတဲ့ မြင်ကွင်းမရှိဘူးလို့  ကျနော်ယုံတယ်။
"တစ်ခါလောက်ညာလိုက်ရလို့  အသက်ခဏပြန်ရှင်ရမယ်ဆိုရင်တောင် စိတ်ကအကြိမ်ကြိမ်သေနေရမှာ ကျနော်ကတော့ အဲဒါကိုကြောက်တယ် "လို့ ပြောမိတော့ "လူ့ ဘဝဆိုတာကို ကိုယ်ကြိုက်တဲ့ ပုံစံနဲ့  ရွေးချယ် ရှင်သန်လို့  ရတာပါပဲ ၊ဒါပေမယ့် အဲဒါဆို လူတွေနဲ့ အဆင်ပြေဖို့ ခက်မှာပေါ့ "လို့  သူကပြောတယ်။ " အင်း မပြေလည်းနေပါစေတောာ့ ကျနော့်မှာကြယ်ကလေးရှိတာပဲလို့  ပြောမိတော့ " ကြယ်ဆိုတာ အချိန်တန်ရင် ကြွေမှာလေ ထာဝရမတည်တံ့နိုင်တာ သိရက်နဲ့ " လို့  စိတ်မကောင်းသလို ခပ်ညည်းညည်းလေး ပြန်ပြော တယ်။ " အင်းပါ မကြွေခင်အထိပေါ့ "လို့ ပဲ ကျနော့်မှာပြန်ပြောစရာစကားရှိခဲ့တယ်။
"ချစ်တယ်ဆိုတဲ့စကားကို ဖြစ်ရလေခြင်းတွေ နာကျင်မှုတွေ ပူလောင်မှုတွေတစ်ခုမှမပါပဲ အေးချမ်းတဲ့စိတ်နဲ့  ပြောထွက်မိစေတာဟာ တစ်ကယ်ထူးဆန်းတယ် ပြောရမယ်ထင်ပါရဲ့"
စိတ်အားဖြင့် အမြဲအတူရှိနေဖို့ ဆိုတာကိုက ဒီကမ္ဘာရဲ့ ဖြစ်တောင့်ဖြစ်ခဲအရာမို့  အဲဒီလိုအတူရှိနေခဲ့ကြတယ် ဆိုတာ တစ်ကယ်ကအိပ်မက်တွေလိုမျိုးပဲ။ အိပ်မက်ပေမယ့် ဝန်ထုပ်ဝန်ပိုးမပါတဲ့ ၊ မလေးလံမပင်ပန်းစေခဲ့တဲ့ အိပ်မက်ပေါ့။ တစ်ယောက်တည်ရှိနေခြင်းမှာပဲ တစ်ယောက်ကျေနပ်ခဲ့ပြီး ဘာမှအများကြီး ထပ်မလိုအပ် တော့ဘူး ဆိုတာကို တစ်ယောက်ယောက်ကို သေသေချာချာနားလည်အောင် ရှင်းပြရရင် မလွယ်ဘူး သိပ်ခက်မှာ။
"စိတ်တစ်ခုစာလုံးထဲ ကြယ် ကလေးကို ထည့်ပြီးနေလာရတဲ့ နေ့ ရက်တွေက သိပ်ပြီးကျေနပ်ဖို့  ကောင်း တာပဲ"လို့  ကျနော်ကပြောတော့ စိတ်ကိုသိပ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်နေဖို့ ပဲ ကြယ်ကလေးက သတိပေးရှာတယ်။
"မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ်"
( စိုင်းဝင်းမြင့် )
"မေတ္တာတရားဟာ အမိုးအကာပေမယ့် သိပ်ကြီးလွန်းတဲ့အခါ ဝန်ထုပ်ဝန်ပိုးဖြစ်တတ်တယ် ၊ အရမ်းကြီး မချစ် မိဖို့  သတိထားတာကောင်းတယ်"ဆိုတဲ့အကြောင်း ကြယ်ကလေးက ပြောတတ်သေးတယ်။ စိတ်နှလုံး နူးညံ့ တာနဲ့ အမျှ စိတ်ဝန်ပိုတွေလည်း ကြောက်ဟန်တူတဲ့ ကြယ်ကလေးက တစ်ကယ်တော့ ငြိမ်းအေးလှတဲ့သူပါ။ အဲဒီလိုအခါမျိုးဆို ကျနော်က သူ့ ကို "လာခြင်းကောင်းတဲ့ ကြယ်ကလေးပဲ "လို့  ချစ်စနိုးစလေ့ရှိတယ်။
ထူးဆန်းတာက ကျနော်တို့ ကြားမှာ စိတ်တိုတာ စိတ်ဆိုးတာ ရန်ဖြစ်တယ်ဆိုတာမျိုးတွေ တစ်ခုမှ မရှိခဲ့ကြတာ။ ချစ်ခြင်းအားဖြင့်ဆိုတဲ့ အပေါ်ယံအတ္တတွေဖုံးပြီး တစ်ယောက်ကိုတစ်ယောက် နာကျင်အောင် နှိပ်စက်ကလူ မပြု ဖူးခဲ့ကြတာဟာ ဘယ်အချိန်ပြန်တွေးတွေး ကြည်နူးစရာ ကောင်းခဲ့ရတယ်။ အဓိက ကတော့ ကြယ်ကလေးက မယုံနိုင်လောက်စရာကောင်းအောင် အရမ်းအေးချမ်းတာရယ် စိတ်သဘောပြည့်လွန်းတာရယ် ကျနော့်ကို သိပ်ပြီး နားလည်ပေးလို့ ရယ်ပါ။
ဘယ်လိုပဲတွေးတွေး သိပ်ပြီး ကျေနပ်စရာ ကောင်းတဲ့ ပျော်ရွှင်ရတဲ့ ကြည်နူးစရာ အမှတ်တရတွေချည်းပဲ ကြယ် ကလေးနဲ့ ကျနော့်ကြားမှာ ရှိခဲ့ကြတာ ။ ဘယ်အချိန်ပြန်တွေးတွေး ကောင်းမွန်တဲ့ အမှတ်တရတွေချည်းပဲ ဖြစ်နေခဲ့ရတာအတွက် ကြယ်ကလေးကိုမှ ကျေးဇူးမတင်ရင် ဘယ်သူ့ ကို တင်ရမှာလဲလို့  မစဉ်းစား တတ် အောင်ပါပဲ။
ကြယ်ကလေးရဲ့ ကောင်းကင်က ကြီးမားကျယ်ပြန့် ပြီး အတော်ကလေးတော့
လုံခြုံခဲ့ဟန်တူပါရဲ့  ၊ အဲဒါ ကြောင့်လည်း ကြယ်ကလေးဟာ
ထူးခြားတဲ့ စိတ်နှလုံးသားတွေနဲ့  ငြိမ်းအေးလွယ်သူလေး ဖြစ်နေခဲ့တယ် ထင်တယ်။ ကြယ်ကလေးကို ကျနော်နှစ်လိုခဲ့တာကိုက သူ့ ရဲ
့အထဲထဲက စိတ်အတွင်းသားက သိပ်ဖြူလွန်း
နေတာကိုဆိုတော့ ကျနော်ကတော့ ကြယ်ကလေးရဲ
့ အဖြူရောင်တွေကို လောကရဲ့  အော်ဂလီဆန်စရာ ကိစ္စရပ်တွေနဲ့  လဲလှယ်ဖြည့်စွက်ခွင့်အတွက် တော်ပါသေးရဲ
့လို့  တွေးမိတယ်။ မဟုတ်ရင်
လူတွေရဲ့  နှလုံးသားထဲက လာနေတဲ့အညှီနံ့ က သိပ်ပြီးဆိုးတာ။ အသက်ရှုဖို့  တစ်ကယ်မလွယ်လှဘူး။
ကြယ်ကလေးဆီကနေရနေတဲ့ နွေးထွေးမှုတွေသာ မရှိရင် အထီးကျန်အအေးဓာတ်တွေထဲ အေးခဲသွားရမှာ သိပ်ပြီးထိတ်လန့် စရာကောင်းတယ်။ ကြယ်ကလေးကိုမော့ကြည့်ရတဲ့အခါတိုင်း ကျနော်စိတ်လုံခြုံမှုရတယ်။ စိတ်နဲ့ မြင်ရတယ်ဆိုပေမယ့်လည်း တစ်ခါတလေ ကြယ်ကလေးကိုကြည့်ဖို့  မှုန်မှိုင်းနေတဲ့ အခိုက်အတန့်  တွေ ရှိတဲ့အခါဆို စိတ်လုံခြုံမှုက ထိပါးခံရသလိုပဲလို့  ပြောဖြစ်တယ် ။ အဲဒီလိုအခါမျိုးဆိုရင် ကြယ်ကလေး ပြန်ပြောတာက " စိတ်မလုံခြုံလည်း အိပ်လို့ တော့ပျော်တာပဲ မဟုတ်ဘူးလား " တဲ့။ ကြယ်ကလေးကို ကျနော် ချစ်ရတယ် ဆိုတာ အဲဒီလိုမျိုး အဖြောင့်ဆန်မှုတွေပေါ့။
တစ်ကယ်တော့လည်း ဘဝရဲ့ မရေရာမှုတွေအကြောင်း၊ ကံကြမ္မာရဲ့ မရေရာမှုတွေအကြောင်း၊ ကံဆိုး မိုးမှောင်တွေရဲ့  အလောတကြီးနိုင်တတ်မှုတွေအကြောင်းကို ကျနော်အတော်များများတော့ နားလည်ပြီးသား ၊ မျှော်လည်း မျှော်လင့်တတ်ခဲ့ပြီးသားပါ။ ဒါပေမယ့်လည်း ဘဝဆိုတာထဲမှာ သေဆုံးရတော့မယ့် နောက်ဆုံး အချိန်ထိ သယ်ပိုးသွားချင်တဲ့ ကောင်းမွန်တဲ့အမှတ်တရဆိုတာ ဘယ်လောက်များများ ရှိနေကြမှာမို့ လဲ။ ကျနော့်မှာတော့ ကြယ်ကလေးကြောင့် ရတဲ့ပျော်ရွှင်မှုတွေ ထုပ်ပိုးသိမ်းဆည်းစရာရှိတာ တော်ပါသေးတယ်။ ဒီကံကောင်းခြင်းတွေအတွက်လည်း ကြယ်ကလေးကို အမြဲကျေးဇူးတင်ရတယ်။
မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ
တစ်နေရာရာမှာ ပျက်ကျတော့တာပဲ။
( စိုင်းဝင်းမြင့် )ကြယ်ကလေးဆီကနေရနေတဲ့ နွေးထွေးမှုတွေသာ မရှိရင် အထီးကျန်အအေးဓာတ်တွေထဲ အေးခဲသွားရမှာ သိပ်ပြီးထိတ်လန့် စရာကောင်းတယ်။ ကြယ်ကလေးကိုမော့ကြည့်ရတဲ့အခါတိုင်း ကျနော်စိတ်လုံခြုံမှုရတယ်။ စိတ်နဲ့ မြင်ရတယ်ဆိုပေမယ့်လည်း တစ်ခါတလေ ကြယ်ကလေးကိုကြည့်ဖို့  မှုန်မှိုင်းနေတဲ့ အခိုက်အတန့်  တွေ ရှိတဲ့အခါဆို စိတ်လုံခြုံမှုက ထိပါးခံရသလိုပဲလို့  ပြောဖြစ်တယ် ။ အဲဒီလိုအခါမျိုးဆိုရင် ကြယ်ကလေး ပြန်ပြောတာက " စိတ်မလုံခြုံလည်း အိပ်လို့ တော့ပျော်တာပဲ မဟုတ်ဘူးလား " တဲ့။ ကြယ်ကလေးကို ကျနော် ချစ်ရတယ် ဆိုတာ အဲဒီလိုမျိုး အဖြောင့်ဆန်မှုတွေပေါ့။
တစ်ကယ်တော့လည်း ဘဝရဲ့ မရေရာမှုတွေအကြောင်း၊ ကံကြမ္မာရဲ့ မရေရာမှုတွေအကြောင်း၊ ကံဆိုး မိုးမှောင်တွေရဲ့  အလောတကြီးနိုင်တတ်မှုတွေအကြောင်းကို ကျနော်အတော်များများတော့ နားလည်ပြီးသား ၊ မျှော်လည်း မျှော်လင့်တတ်ခဲ့ပြီးသားပါ။ ဒါပေမယ့်လည်း ဘဝဆိုတာထဲမှာ သေဆုံးရတော့မယ့် နောက်ဆုံး အချိန်ထိ သယ်ပိုးသွားချင်တဲ့ ကောင်းမွန်တဲ့အမှတ်တရဆိုတာ ဘယ်လောက်များများ ရှိနေကြမှာမို့ လဲ။ ကျနော့်မှာတော့ ကြယ်ကလေးကြောင့် ရတဲ့ပျော်ရွှင်မှုတွေ ထုပ်ပိုးသိမ်းဆည်းစရာရှိတာ တော်ပါသေးတယ်။ ဒီကံကောင်းခြင်းတွေအတွက်လည်း ကြယ်ကလေးကို အမြဲကျေးဇူးတင်ရတယ်။
မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ
တစ်နေရာရာမှာ ပျက်ကျတော့တာပဲ။
ကြယ်ကလေးကို အရမ်းချစ်တာပဲလို့  တစ်ခါပြောမိတိုင်း စိတ်ကကြည်လင်တဲ့စိတ်နဲ့ အေးချမ်းသွားတာ အတော်လေးထူးဆန်းတယ်။ ချစ်တယ်ဆိုတဲ့စကားရဲ့  အနက်အဓိပ္ပါယ်နောက်ကနေ အမြဲကပ်ပါလေ့ရှိကြတဲ့ ပူလောင်မှုတွေက ကျနော်နဲ့ ကြယ်ကလေးကြားမှာ ပေါ်ပေါက်မလာကြပဲ တစ်ခါပြောမိတိုင်းတစ်ခါ ပိုပြီး ကြည်နူးကြရတယ်။ အခါမလပ် စိတ်ထဲအတူရှိကြတယ်ဆိုပေမယ့် ရင်ထဲမှာပူလောင်မနေဘဲ ကြယ်ကလေးနဲ့  ကျနော်နဲ့ ချစ်ခြင်းတရားမှာ အပူရောင်တွေနည်းခဲ့တာဟာ ပြန်တွေးတိုင်း ကျေနပ်လိုက်ရတာ။
အဲဒါကြောင့်လည်း ချစ်တယ်ဆိုတဲ့စကားကို ရင်ထဲမှာကြည်ကြည်နူးနူးလေး ဖြစ်မိတိုင်း ထုတ်ပြောနိုင်ခဲ့တယ် ထင်ပါရဲ့ ။ မေတ္တာစစ်ရင် မပူလောင်ဘူး၊ ဒေါသတွေမပါတော့ဘူး၊ အတ္တတွေမပါဘူး၊ ဖြစ်ရလေခြင်းတွေ မပါတော့ဘူး ဆိုတဲ့စကားကို အခုမှပဲ ကျနော်နားလည်မိခဲ့ရတယ်။ ကြယ်ကလေးကပြောတယ် ဒါဟာ ဘဝ အဆက်ဆက်က ရေစက်တွေ ၊ ကံကြမ္မာတွေ ကြီးကြီးမားမားနက်နက်ရှိုင်းရှိုင်း မပါပဲ မဖြစ်နိုင်ဘူးတဲ့။ သံသရာမှာ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်တောင်နီးခဲ့ကြပြီးသားပါလိမ့်လို့  ကြယ်ကလေးစကားကို ကျနော့်မှာကြည်နူးရတယ်။
မေတ္တာတရားကို ကျနော်ထိတွေ့ ရပုံက သိပ်ပြီးထူးဆန်းတာပဲ။ မေတ္တာတရားဟာ ရင်ထဲကနေ ပူလောင်မှု တွေ၊ တောက်လောင်မှုတွေ၊ တပ်မက်ခြင်းတွေ၊ ဒေါသ မာန်မာနတွေ၊ ဖြစ်ရလေခြင်းတွေ တစ်ခုမှ မပါပဲ စမ်းအိုင်ပေါက်လိုပဲ စိမ့်ထွက်နေခဲ့တာ။ ဘာကိုချစ်တာလဲဆိုရင် ကြယ်ကလေးရဲ့ ကြည်စင်လှတဲ့ နှလုံးသား ထဲက ကျနော်မြင်တွေ့ နေရတဲ့ စိတ်အဖြူရောင်လေးကိုပါပဲလို့  ဖြေရမှာပါ။ ကြယ်ကလေးနဲ့ ပတ်သက်ရင် အဲဒီအရာထက်ပိုပြီး တန်ဖိုးထားရတဲ့အရာ ၊ ပိုပြီးမက်မောရတဲ့အရာလည်း ကျနော့်မှာ မရှိတော့ပါဘူး။
ကျနော့်ရဲ့ တစ်နေ့ တာအချိန်တွေမှာ စိတ်ထဲကြယ်ကလေးအတူမပါတာ တစ်ခါမှ မရှိခဲ့အောင်ပဲ စိတ်ချင်း နီးခဲ့ကြတာ။ ဒီကမ္ဘာမှာ စိတ်ချင်းနီးတာထက်ပိုပြီးနီးကြတဲ့အရာလည်း မရှိတော့ပဲ စိတ်ချင်း ဝေးသွားကြတာ ထက်ပိုပြီး ဝေးတဲ့အရာလည်း မရှိတော့ဘူးဆိုတော့ ကြယ်ကလေးနဲ့  ကျနော့်ကြားမှာ ကောင်းကင်တစ်ခုစာ ကွာဝေးနေတယ်ဆိုတဲ့အရာကလည်း ကျနော်တို့ ကိုဘယ်လိုမှ မနှောင့်ယှက်နိုင်ခဲ့တာ အမှန်ပါပဲ။
ကြယ်ကလေးကိုချစ်တဲ့အချစ်ကို ကံ့ကော်ပင် လေးတစ်ပင် စိုက်ပြီး တယုတယပြုစုစောင့်ရှောက်သလိုပဲ ကြယ်ကလေးအနားမှာ ရှိနေချင်မိတာဟာ အနားနားမှာနေခွင့်ရတဲ့ ခွေးလေးတစ်ကောင်ထက် မပိုခဲ့ပါဘူး။
ဝဋ်ကြွေးဆိုလည်း ဆပ်
ပါရမီဆိုလည်း ဆက်
ဘယ်နေရာ ဘယ်အကြောင်းအရာနဲ့မှ
ရပ်တန့် နေဖို့ မဖြစ်နိုင်ဘူး ။
(မောင်သိန်းဇော်)
ဘယ်သူပြောနိုင်ပါ့မလဲ တစ်နေ့ နေ့ ကြရင် ဟိုးအဝေးကြီးကကြယ် ကျနော့်ရင်ထဲတည့်တည့် မကြွေဘူး ဆိုတာကို။ ။
မေဇော်
4.1.2015
No comments:
Post a Comment