"ညအမှောင်ကြယ်များရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကြယ်မွှားပန်းကလေးများသည်ကား လေအဝှေ့မှာ တဖျတ်ဖျတ်လွင့်ရင်း စိတ်အတွင်းသားထဲအထိလာရောက်လင်းမြနေတော့သည်"
( ပြည့်စုံဝင်း )
မေတ္တာတရားဆိုတာ လူသားအချင်းချင်းကြားမှာ မဖြစ်ပေးနိုင်ဘူးလို့  တစ်သက်လုံးခေါင်းမာမာ ငြင်းဆန်
ပစ်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့  ချစ်တယ်
ဆိုတာမျိုးဟာ ဘယ်လိုမျိုးလဲလို့  တစ်ကယ်တော့ ကျနော် ရေရေရာရာ နားမလည်ဘူး။ မေတ္တာဆိုတာဟာ လက်ယက်တွင်းထဲကရေလိုမျိုး ရင်ထဲကနေ
တစိမ့်စိမ့် စိမ့်ထွက်နေတာကို ခေါ်တာလားမသိဘူးလို
့ ခုတော့ထင်လာနေမိတယ်။
တစ်ကယ်က ကျနော်အဲ့လောက်မချစ်တတ်ဘူးလို့  ကိုယ့်ကိုယ်ကိုယ် အရင်ကထင်ခဲ့တယ်။ အထူးသဖြင့်တော့ လူသားတစ်ယောက်ကိုပေါ့။ ခုတော့ အတော်ကလေးထူးဆန်းတယ်။ တစ်ကယ်တမ်းကြတော့ ကျနော်က အရာရာကို စိမ်းစိမ်းကားကားပဲ ကိုယ့်အေးစက်မှုနဲ့ကိုယ့်ကိုယ်ကိုယ် အမြဲ ပြန်လည်အေးခဲပစ်ခဲ့တာ။ နွေးထွေးမှု ဆိုတာတွေကို ပူလောင်လိုက်တာလို့  ကြိုတင်ငြင်းဆန်ပစ်လိုက်တာမျိုး အရာအားလုံးနဲ့ အဝေးမှာပဲ။
"စက်ဘီးမှာ လေတံခွန်အနီရောင်လေးတပ်လို့
အကြောက်တရားကင်းမဲ့ဇုန်ဆီ ခရီးထွက်မှာပေါ့"

တစ်စုံတရာကို
ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို မရှိမဖြစ်လိုအပ်လိုက်ရမှာကို
သေရမှာထက် ပိုပြီး ကြောက်ရွံ့ ခဲ့တယ်။ ကမ္ဘာကြီးပေါ်မှာ ဘယ်အရာကိုမှ
အမှီမပြုဘဲ ၊ မတွယ်တာပဲ အချိန်မရွေးပေါ့ပေါ့ပါးပါး ပြန်ထွက်
သွားနိုင်အောင် ကျနော့်ကိုယ်ကျနော် ဝန်ပိုအနည်းဆုံးဖြစ်အောင် အမြဲပြင်ဆင်ထားခဲ့တာ။ လောကထဲမှာ ကျနော် သံယောဇဉ်
ဖြစ်မိတဲ့အရာတွေ ဆိုတာအရှားသားပဲ။
သံယောဇဉ်ကို အတော်ကင်းအောင် နေခဲ့တယ်ဆိုတာ ကျနော့်စိတ်ကို ဘယ်လိုအရာတွေနဲ့မှ ထပ်ပြီး နာကျင် အောင် အလုပ်မခံနိုင်တော့လို့ လေ။ ခုတော့ ထူးဆန်းလိုက်တာ ကြယ်ကလေးကို ကျနော်အရမ်းတွယ်နေ မိတယ်။ သိလို့ ပြန်ဆုတ်မယ်လုပ်တော့ ရုန်းမရအောင်ခိုင်နေခဲ့ပြီ။ ဒါဟာ ကြယ်ကလေးပြောသလိုပါပဲ ၊ ရေစက်ရယ် ကံကြမ္မာရယ်ဟာ ကျနော်တို့ ဆီမှာ ခပ်နက်နက်ပါလာခဲ့ကြ ပြီးသားဖြစ်မယ်။
တိတ်ဆိတ်နေတဲ့အခါ ကြယ်ကလေးကို ကျနော် အရမ်းလွမ်းတာပဲ။ ကမ္ဘာအကျယ်ကြီး ဝေးသွားရသလိုမျိုး စိတ်တွေကလူထက်အရင်သေတယ်။ အဲဒီအခါတွေဆို ဘယ်လိုလုပ်ပြီးလူ့ အဖြစ်မှာရှင်ဆက်ပြီး ရှင်သန်ရပါ့မလဲ လို့  ကျနော်မတွေးတတ်တော့ဘူး။
လူ့ ဘဝ ခပ်တိုတိုကလေးက ဘယ်လောက်ကြာမှန်းမသိပေမယ့် ကြယ်ကလေးသာ မရှိဘူးဆိုရင် လမ်းတွေ လည်း ပျောက်မှာ။ သိပ်လည်းကြောက်စရာကောင်းမှာ။ ကျနော်လူလိမ္မာလည်း မဖြစ်ချင်ဘူး၊ လူကောင်းလည်း မဖြစ်ချင်ပါဘူး။ ကြယ်ကလေးကိုပဲ ငေးကြည့်ပြီး ချစ်နေချင်ပါတယ်။ ငေးကြည့်နေခွင့်အပြင် ဘာမှလည်း ထပ်ပို မလိုချင်မိဘူး။ ကြယ်ကလေးမရှိတော့လို့  နာကျင်ရတာက သေရတာထက်ပိုပင်ပန်းပါတယ်။

တစ်ကယ်တော့လည်း
ကျနော့်အတွက် ကြယ်ကလေးက ဘာနဲ့တူလည်းဆိုတော့ ကျနော်မဝယ်နိုင်တဲ့ တန်ဖိုးကြီး ပန်းချီကားတစ်ချပ်ပါပဲ။
တစ်နေ့ တုန်းက ပန်းချီကားလေး တစ်ချပ် ကို အမှတ်မထင်ပါပဲ မြင်လိုက်ရတယ်။ကိုယ်မဝယ်နိုင်လောက်ဘူးဆိုတာ
ရိပ်မိပေမယ့် မနေနိုင်တာနဲ့ ဈေးသွားမေးမိတယ်။
"ရောင်းပြီး"လို့  စာတန်းချိတ်ထားတဲ့ ပန်းချီကားလေးက ကျနော့်ရင်ကို မလစ်ဟာစေပါဘူး ။တစ်ကယ်က မျှော်လင့်ပြီးသား ဖြစ်တဲ့အပြင် တိတ်တဆိတ်လေး ဝမ်းတောင်သာသွားမိလိုက်သလိုပဲ။ လောကမှာ
ကိုယ်မပိုင်ဆိုင်နိုင်မှန်း သိတဲ့ အရာတွေအတွက် ဖြေစရာ ရလိုက်သလို ဖြစ်သွားတယ်ထင်ပါရဲ့ ။
"ညဘက်တွေမှာ
ကိုယ်ဆိုတဲ့သီချင်းကို
ကြယ်ကလေးတွေနားထောင်ကြမှာပေါ့"
( ပြည့်စုံဝင်း )
တစ်ကယ်တော့ ပန်းချီကားတစ်ချပ်ကို ငေးကြည့်နေရုံနဲ့  ကျေနပ်နိုင်ဖို့ ဆိုတာ အဲဒီပန်းချီကားအပေါ်ကို တစ်ကယ်မရူးသွပ် မတပ်မက်ဘဲနဲ့ တော့ မဖြစ်နိုင်ဘူး။ ပန်းချီကားတစ်ခုကို နှစ်သက်စွဲလန်းစိတ်က ပန်းချီကားကိုပိုင်ဆိုင်ခွင့်ရဖို့  ဆိုတာနဲ့  တိုက်ရိုက်ကော၊ ပြောင်းပြန်ပါ ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိဘူး။ ဘာမှမဆိုင်ဘူး။ ကြည့်နေမြင်နေလိုက်ရကတည်းက စိတ်ထဲမှာ ပြည့်စုံသွားပုံမျိုးဟာ နှလုံးသားထဲ ကို စုတ်ချက်အပြည့် ထိုးဖောက်ဝင်ရောက်သွားရာကနေ စခဲ့တာ။ ကြယ်ကလေးက ကျနော့်အတွက်တော့ တန်ဖိုးကြီးပန်းချီကားတစ်ချပ်ပေမယ့် မြင်နိုင်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်ပီတိဖြစ်ရတာက အဲဒီလိုမျိုးပဲ နောက်ဆက်တွဲလောဘတွေ ထပ်မပါခဲ့ကြတော့ဘူး။
အဲဒီနေ့ ကပန်းချီကားလေးကို ကျနော်ဓာတ်ပုံရိုက်ခဲ့လိုက်တယ်။ အမြဲငေးကြည့်နေလို့ ရအောင် စိတ်ညဏ်ထဲ မှာပါ စုတ်ချက်တွေကို သိမ်းပစ်လိုက်တယ်။ ကြယ်ကလေး ကျနော့်စိတ်ထဲမှာ အမြဲရှိနေသလိုမျိုးပေါ့။

ဒီကမ္ဘာမှာ တစ်စုံတစ်ယောက်နဲ့  တစ်စုံတစ်ယောက်ငြိတွယ်မိကြဖို
့ဆိုတာ ဘာပေါ်ကိုအမှီပြုနေမှန်း တိကျ သေချာတဲ့ အဓိပ္ပါယ်ပြုမှုတွေ မရှိပါဘူး။ တစ်ခါက တစ်စုံတစ်ယောက်ပြောဖူးပုံအရဆိုရင်တော့ ရေဒီယို
တစ်လုံးက အသံလွှင့်ချက်တွေကိုဖမ်းမိလိုက်တာလိုမျိုးပါပဲတဲ့။ frequency တူသွားတဲ့အခါ connection မိသွားတာမျိုးလိုပေါ့တဲ့။ ကြယ်ကလေးနဲ့ ကျနော်ဟာ ရေစက်တွေ ကံကြမ္မာတွေကို ထည့်မတွက်ရင် ရုတ်တရက်လှိုင်းအလျားတူသွားကြတဲ့ frequency တွေလို့  ဆိုရမှာဘဲ။
ချစ်တယ်ဆိုတာ သူလင်းနေတာကိုကြည့်ပြီး ကိုယ့်မှာအလင်းရောင်မဲ့နေတဲ့အဖြစ်ကို မေ့သွားတာမျိုး။ သူပျော်ရွှင်နေတာကို ခံစားရပြီး ကိုယ်မပျော်ပါလားဆိုတဲ့အဖြစ်ကိုမေ့သွားတာမျိုး။ တစ်ချို့ အရာတွေအတွက် သက်သေပြချက်တိတိကျကျ မရှိသလို လိုတယ်လို့ လည်း မထင်မိပါဘူး။ ကျနော် မှောင်သွားတဲ့ အခိုက် အတန့် တွေမှာ ကြယ်ကလေးပိုလင်းပါစေလို့  ဆုတောင်းပေးမိတယ်။ ကြယ်ကလေး အိပ်စက်အနားယူတဲ့ အခါ အိပ်မက်တွေထဲအထိ ငြိမ်းချမ်းပါစေလို့  စိတ်ထဲအထိ လှမ်းပြီးအေးမြစေချင်သေးတယ်။
ဒီကမ္ဘာကဘုရားရှင်တွေဟာ လူတိုင်းကိုစောင့်ရှောက်ရတယ်ဆိုရင် ကျနော့်ကိုမစောင့်ရှောက်ဘဲ ကြယ်ကလေး ကို ကျနော့်အတွက်ပါ ပေါင်းပြီး နှစ်ယောက်စာ စောင့်ရှောက်စေချင်မိတယ်။ ကြယ်ကလေး ကျနော့်ဘဝထဲ ရောက်လာပုံက မှောင်အတိကျနေတဲ့ကမ္ဘာကို ဘယ်လောက်တောင် လင်းသွား စေခဲ့သလဲဆိုရင် သိပ်ပြီး လိပ်ပြာလွင့်နေတဲ့ ဝိညဉ်ဟာ မှီတွယ်ရာရသွားခဲ့သလိုမျိုး တစ်စုံတရာဆီမှာ ငြိမ်းချမ်း ငြိမ်သက် သွားခဲ့တာ။ ရုပ်ရှင်မကြည့်နိုင်၊ စာမဖတ်နိုင်၊ သီချင်းတောင်နားမထောင်နိုင်ခဲ့အောင် ယိမ်းယိုင်နေတဲ့ စိတ်တွေဟာ ကြယ်ကလေးဆီက အလင်းခပ်သဲ့သဲ့ကလေးနဲ့ ပဲ ငြိမ်သက်အေးချမ်းခြင်းကို ရခဲ့ပုံက အံ့သြစရာ ။
"တစ်ခုခုဖြစ်လာတိုင်း
အဲ့ဒီတစ်ခုခုပြန်လည်ပြီးဆုံးသွားမယ့်အချိန်ကို
ကြိုတွေး ဝမ်းနည်းနေတတ်ပြန်ပါတယ်"
( ပြည့်စုံဝင်း )
ကြယ်ကလေးအပေါ်မှာထားတဲ့ မေတ္တာတရားဟာ မေတ္တာစစ်ကြောင်းအာမခံနိုင်တာကလွဲလို့  ထွေပြားတဲ့ ပုံသဏ္ဍန်နဲ့  ဖြစ်တည်နေသလို အမျိုးမျိုးဘဲ ပြောရမယ်ဆိုမဆုံးဘူး အားလုံးရောထွေးနေတာ။ တစ်ခါတလေ တော့လည်း လောကရဲ့ ထုံးစံအတိုင်း ကျနော့်ကောင်းကင်မှာ ကြယ်ရောင်ပျောက်နေတာမျိုးတွေလည်း ရှိတာပါပဲ။ ကြယ်ရောင် မမြင်ရတဲ့ကောင်းကင်ဆိုတာ ဘယ်လောက်နက်နက်ရှိုင်းရှိုင်း ကြောက်စရာ ကောင်းလဲဆိုတာ မကြုံဖူးရင် သိနိုင်မယ်မထင်ဘူး။
အဲလိုအခါတွေဆိုရင် ကျနော်လည်း ကြောက်ရွံ့  မိတာပါပဲ။ ဒါပေမယ့်လည်း ကျနော်အရမ်းကြောက်နေပြိ ဆိုရင် ကြယ်ကလေးက မကြောက်ရဘူးလို့  လှမ်းပြောတယ်။ "မကြောက်နဲ့ " လို့  သူလှမ်းပြောတဲ့ စကားတစ်ခွန်းဟာ ကျနော့်အတွက် ဘယ်လောက်ကြီးတဲ့ခွန်အားဖြစ်မလဲဆိုတာ ပြောတဲ့ကြယ်ကလေး ကိုယ်တိုင် သိပါ့မလား မသိဘူး။
"ပျော်အောင်အိပ်မယ်
အမာရွတ်တွေကို မပွတ်သပ်ဘဲနေမယ်
အသက်ဝဝရှူမယ်"
( ပြည့်စုံဝင်း )
ကြယ်ရောင်ကင်းမဲ့တဲ့အခါ ကျနော်က ဘာနဲ့  အသက်ဆက် ပြီး ရှင်သန်ရပါ့မလဲ။ ဘဝရဲ့ ကြယ်ရောင် မလင်းတော့တဲ့နေ့ တွေ အကြောင်းကို ကြိုပြီးတွေးကြည့်မိရင် ကျနော့်စိတ်ကိုယ် ကျနော့်ဘာသာ ဓားနဲ့  ပြန်ပြီး မွှမ်းနေရသလိုပဲ ။ သိပ်နာတယ် မခံနိုင်ဘူး။ နွေးထွေးမှုတွေမရှိတော့တဲ့အခါ စိတ်ဟာ ဒီကမ္ဘာရဲ့  စကြာဝဠာအစွန်းကလေးဆီမှာ အရှင်လတ်လတ်ကြီး အေးခဲတောင့်တင်းပြီး သေဆုံးသွားမှာပဲ သေချာတယ်။

အဖြောင့်ဆန်လွန်းပြီး မလိမ်မညာတတ်တဲ့ကြယ်ကလေးကပြောတယ် အဆုံးသတ်ကွယ်ပျောက်ဖို
့အတွက် အလင်းရောင်ကို ဘယ်သူအရင်ငြှိမ်းမလဲတဲ့။ ကျနော်ကတော့ရှင်းပါတယ်
၊ ကံကြမ္မာနဲ့  ကြယ်ကလေးလက်ကို အဲဒီအဖြေအပ်ခဲ့လိုက်တယ်။
ကျနော်တတ်နိုင်တာက ကြယ်ကလေး ကို ပိုပြီးမြင်ပေးဖို့ ၊ ပိုပြီး နားလည်ပေးဖို့ ၊ ပိုပြီးချစ်မြတ်နိုးပေးဖို
့ပါပဲ။ လောကမှာ ကြယ်ကလေးနဲ့ ပတ်သက်ရင် ကျနော်တတ်နိုင်တာက ဒါပဲကိုး။
အရင်တုန်းကတော့ ကျနော်လည်း အဆုံးသတ်တွေကို သိပ်ပြီးသပ်ရပ်ချင်ခဲ့ဖူးတာ။ စက္ကူတစ်ရွက် ပျက်ဆီး ဆွေးမြေ့ဖို့ အတွက် ရက်ပေါင်း ကိုးဆယ်လောက်လိုသတဲ့ ။ ချစ်ခြင်းမေတ္တာဟာ စက္ကူဖြူတစ်ရွက်သာဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲဆိုပြီး တွေးကြည့်ဖူးတယ်။ ကြယ်ကလေးကိုထားတဲ့မေတ္တာဟာ အဆကိုးဆယ် လောက် ရှိတယ်ဆိုရင် တစ်နေ့ နည်းနည်းဆီလျှော့သွားလို့ ရရင် စက္ကူဖြူတစ်ရွက် ဆွေးမြေ့ဖို့ လောက် ကြာမှာလားလို့  ထင်ပြီးသွေးရူးသွေးတန်း အရင်ဦးအောင်ထွက်ပြေးဖို့ လည်းလုပ်ခဲ့မိသေးတာ။
"နှစ်ကြာလာတဲ့အခါ
ကိုယ်ဟာ ရနံ့သင်းတဲ့ သနပ်ခါးပင်လေးဖြစ်လာမှာပေါ့
နောက်တော့လည်း ကိုယ်ရှိခဲ့ဖူးကြောင်း
ကိုယ်အပါအဝင် တစ်ကမ္ဘာလုံးမေ့သွားကြမှာပေါ့"
( ပြည့်စုံဝင်း )
ကိုယ့်စိတ်ကိုယ်တစ်ဆစ်ဆီစိတ်ပိုင်းပြီး သတ်ပစ်ဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ သိပ်ပင်ပန်းတာပဲ။ ဒီကမ္ဘာပေါ် က နာကျင်စရာမှန်သမျှ အကုန်ကြုံဖူးခဲ့ပြီလို့  ထင်ခဲ့မိတာ မမှန်ဘူးဆိုတာကို အဲဒီတော့မှ ကျနော် သိသွား တော့တာ။ အဲဒီတော့မှ ကျနော်နဲ့ ကြယ်ကလေးကြားမှာ ရှိနေတဲ့ မေတ္တာဟာ ဘယ်လောက်နက်ကြောင်း သိသွားခဲ့ရတော့တယ်။ ဒဏ်ရာရပြီး ချောင်တိုးနေတဲ့ခွေးလေးတစ်ကောင်အတွက် မေတ္တာနွေးနွေးကလေး ဟာ ဘယ်လိုလုံခြုံရာလဲဆိုတာကို ကျနော်နားလည်ခဲ့ရတော့တယ်။
လူဆိုတာ ကိုယ့်ဘဝကိုယ် သိပေမယ့်လည်း ချောင်ကြိုချောင်ကြားမှာ မျှော်လင့်ချက်သေးသေးလေးတွေ အမြဲကပ်နေလေ့ရှိတယ်ထင်ပါရဲ့ ၊ နောက်ဆုံးအချိန်ဆိုတာအထိ အလင်းရောင်ကို ငေးကြည့်ချင်နေ သေးတာပါပဲ။ တစ်ကယ်တမ်းကြတော့ ဘယ်လောက်ပဲ ရဲရင့်ချင်ယောင်ဆောင်ဆောင် စိတ်ထဲမယ် လစ်ဟာမှုတွေနဲ့  အေးခဲနေတော့ အားငယ်တတ်ကြတယ်ထင်ပါရဲ့ ။
တစ်ခါတလေကြတော့လည်း ကြယ်ကလေးကိုလွမ်းတယ်ဆိုတာ အတူတူရှိနေခဲ့ကြပြီးမှ ခွဲခွာလိုက်ရလို့  လွမ်းတာလိုမျိုး။ ကောင်းကင်ကကြယ်တစ်စင်းနဲ့ ကျနော်နဲ့  ဘယ်တုန်းကမှ မနီးခဲ့ပါပဲနဲ့  ရုတ်တရက်ကြီး ဝေးသွားသလိုမျိုး ခံစားလိုက်ရတာ။ စိတ်ဟာ ပြန်ကြည့်ကြည့်တော့ ကြယ်ကလေးဆီမှာ အတော်လေး နစ်နေခဲ့ပြီဆိုတာ တွေ့ ရပေမယ့် အဲဒါကိုပဲ ပျော်နေခဲ့ပြန်တယ်။ ပျော်တယ်ဆိုတာထက် လုံခြုံနွေးထွေး နေခဲ့တယ်လို့  ပြောရင်ရမယ်ထင်တယ် ၊ လောကကို ကြောက်ကန် ကန်ပြီးသာနေလာခဲ့တာ နွေးထွေးမှုနဲ့  နေသားမကျခဲ့ရတော့ ကြယ်ရောင်တွေထဲ ကျနော့်မှာထူးဆန်းနေရပြန်ရော။
ကြယ်ကလေးနဲ့ ကျနော်က တစ်ကမ္ဘာထဲမှာပေမယ့် တစ်ဂြိုလ်စီသွာခြားနေကြတဲ့အပြင် ကြယ်ဆိုတာ အချိန် တန်ရင်ကြွေမှာပဲလေ။ အချိန်တန်တယ်ဆိုတာကို ဘယ်သူဆုံးဖြတ်မှာမှန်းမသိတာက ပိုကြောက်ရွံ့ တုန်လှုပ် စရာကောင်းတယ်။ ကျနော်တို့  ကမ္ဘာရဲ့ လောကဓံက ကြယ်တွေဆီမှာ မဖြစ်ထွန်းဘူး။ အိပ်မက်တောင် မမက်ဖူးဘူး။ ရှုနေတဲ့လေထုတွေချင်းကပါ တစ်ခြားစီထင်ပါရဲ့ ။
ဒါပေမယ့်လည်း ကျနော့်ကြယ်ကလေးက တစ်ခါတစ်ခါကြရင် အတော်ရယ်ရတယ်။ သူ့ ကို ကျနော် စိတ်ဆိုး မိတဲ့ အခါ ဆိုရင် " မှန်ထဲသွားကြည့်" လို့ ခိုင်းတတ်တယ်။ ကျနော်ကအဟုတ်မှတ်ပြီး ထကြည့်မိရင် သူကပြောတယ် " သူကမှန်တစ်ချပ်ပါပဲ" တဲ့။ ကြည့်တဲ့အတိုင်းပဲ မြင်ရလိမ့်မယ်လို့ ပြောတယ်။ ဟုတ်မှာပါလေ ကောင်းကင်မှာ လင်းလက်တောက်ပနေဖို့  ဆိုတာ မှန်လိုကြည်လင်နေမှဘဲ ဖြစ်နိုင်မယ်ထင်တယ်။
"နေပူသည်ဖြစ်စေ၊မိုးအုံ့ မိုးရွာသည်ဖြစ်စေ ကျွန်တော့်ဆံပင်တွေအပေါ်အုပ်မိုးကာကွယ်မယ့် ထီးကလေးတဲ့လား။အားတုံ့အားနာ ကျွန်တော်ဝမ်းနည်းရပြန်ပါတယ်"
( ပြည့်စုံဝင်း )
ဘာပဲဖြစ်ဖြစ် သူပြောသလိုပါပဲ ကြယ်ကလေးဟာ ကြည်စင်လှတယ်။ စိတ်အညစ်အကြေးတွေ ကပ်ငြိဖို့  အခွင့်အရေးနည်းအောင် ဘဝကို လာခြင်းကောင်းခဲ့တာ မနာလိုချင်စရာတောင် ကောင်းတယ်။
ကြယ်ကလေးကို ကြည့်ရတာ သိပ်ဝေးလွန်းတော့ ကျနော့်မှာ အမြဲတော့လည်း လင်းလင်းချင်းချင်း မမြင်နိုင်ဘူးပေါ့။ ကြယ်ကလေးကိုစိတ်နဲ့  မြင်ရတယ်လို့ ပြောပေမယ့် တစ်ခါတလေကြတော့လည်း စိတ်မြင်ကွင်းမှာပါ မှုန်မှိုင်းသွားပြီး ကြယ်ကလေးနဲ့  ဝေးသွားတတ်သေးတယ်။ အဲဒီလိုအခါတွေဆိုရင် ကျနော်က ကြောက်လန့် တကြား ညည်းညူမိတဲ့အခါ ကြယ်ကလေးကပြောတတ်တာက " သွား..မှန်ထဲကိုထကြည့်တဲ့ "
ကယောင်ကတန်းနဲ့  ကျနော်ကတစ်ကယ်ထကြည့်မိတဲ့အခါ "ဘာတွေ့ ရသလဲ" လို့  သူက ထပ်ပြီးမေးတတ် သေးတယ်။ ကျနော်ကိုယ်ကျနော်မြင်ရတယ်လို့  ပြောတဲ့အခါ "သူက ကျနော့်အတွက် အမြဲတန်း မှန်တစ်ချပ် ပါပဲ"တဲ့ ။ ကျနော်ကြည့်တဲ့အတိုင်းပဲ အမြဲသူ့ ကိုမြင်ရလိမ့်မယ်တဲ့။
အဲဒီလိုနဲ့ ပဲ ကြယ်ကလေးကို ငေးကြည့်နေမိရင်း တစ်ခါတလေတော့လည်း ကျနော့်ကိုယ်ကျနော် ပြန်ငေးကြည့်မိရင်း ကြယ်ကလေးနဲ့ ကျနော့်ကြားက ဒဏ်ခံကြိုးလေးဟာလည်း နက်သထက်နက်လာခဲ့လေရဲ့ ။ ။
မေဇော်
24.12.2015

No comments:
Post a Comment